ရွှေ ဝယ်နည်း နှင့် ရွှေ ရောင်းနည်း
---------------------------------------
ရွှေ ဝယ်နည်းဆိုလို့ ဝယ်ချင်တာများ ပိုက်ဆံရှိ ဘယ်နားဝယ်ဝယ် ရတယ်လို့များ အတွေး မစောလိုက်ပါနဲ့ဗျာ။ ကျနော်ပြောပြမယ့် ဝယ်နည်းဆိုတာ ရွှေဝယ်ပြီး ပြန်ရောင်းခဲ့ရင် အရှုံးသက်သာအောင် အရင်းပြန်ရအောင် ၊ ဖြစ်နိုင်ရင် အမြတ်ပါရစေဖို့ ရည်ညွှန်းပြော ဆိုတာပါ။ ကိုင်း အဲ့ဒီတော့ ပြောစရာရှိတာက ရွှေဝယ်မယ် ဆိုရင် ဝယ်လို့ရတဲ့ပုံစံ ၂ မျိုးကို အရင်ပြောပါ့ မယ်။
အတုံးအခဲလိုက် ဝယ်တဲ့ပုံစံရယ်။ အထည်ခတ်ပြီးသား ဝယ်တာရယ်ပေါ့ဗျာ။
အတုံးအခဲလိုက် ဝယ်တာကတော့ ရှင်းတယ်ဗျာ ၁ ကျပ်သား ၈ သိန်းဈေးဆို ၈ သိန်းပေးလိုက်ရင် ၁ ကျပ်သား ရတယ်ပေါ့ဗျာ။ ခြွင်းချက်အနေနဲ့ ဆိုင်ပေါ်လိုက်လို့ ၂၀၀၀ ၊၃၀၀၀ နည်းနည်း တော့ ကွာတတ်တာပေါ့ဗျာ။ အထည်မှာကျတော့ လက်ရာဆန်းလေ ၊ လက်ဝင်တဲ့ အထည်လုပ်ရတာကြာတဲ့ ခက်တဲ့ ဂဟေဝင်တဲ့ အထည်တွေ ဖြစ်လေ၊လုပ်ခ ဆိုတဲ့ အလျော့တွက် များများပေးရလေပေါ့ဗျာ။ အလျော့တွက် ဆိုတာကိုလည်း နားလည်သူ တော်တော်နည်းတာကိုလည်း တွေ့ရသဗျ။
အလျော့တွက်ဆိုတာ အထည်မလုပ်ခင်က ၁ ကျပ်သားရွှေတုံးတစ်တုံးကို ပန်းထိမ်ဆရာဆီ ဆိုင်ပိုင်ရှင်က ပေးပြီး လုပ်ခိုင်းလိုက်တယ်။ အထည်ပြီးသွားလို့ ပန်းထိမ်ဆရာက ဆိုင်ရှင်ကိုပြန်အပ်တဲ့အခါ တကျပ်သားအပြည့် ပြန်မအပ်နိုင်တော့ပါ။ ဘာ့ကြောင့်လဲဆိုတော့ အထည်လုပ်ဖို့ ဖြတ်ရင်းတောက်ရင်း နန်းဆွဲရင်း ထုရင်းနှက်ရင်းနဲ့ ရွှေအမှုန်လေးတွေ ထွက်ထွက်သွားပြီး အလေးချိန်လျော့ကုန်လို့ပါ။
အဲ့ဒီလို ကုန်တာတွေကိုလည်း ပန်းထိမ်ဖို ပိုင်ရှင်က ပြန်ရအောင်ဆိုပြီး ဖိုထဲမှာ အုတ်ခင်း တယ် ၊အဲ့ဒီပေါ်မှာမှ မြေနီခင်းပြီးကျလာလွင့်လာ တဲ့ ရွှေမှုန်လေးတွေကို ပြန်စုဖို့ရန် လုပ်ထားရ ပါတယ်။ အဲ့ဒီအတိုင်း လုပ်ပြီး ၁ နှစ်တခါ သို့မဟုတ် ဖိုရဲ့ အလုပ်အနည်းအများပေါ်မူတည်ပြီး မြေနီထဲမှာ စုမိနေတဲ့ ရွှေတွေကို ထုတ်ရောင်းကြပါတယ်။ အဲ့တာကို မိုက်ထုတ်တယ်လို့ခေါ်ပါတယ်ဗျ။
သို့သော် ဘယ်လိုပဲစုစု အမှုန်လေးတွေ အကုန် ပြန်မရတော့ပါဘူး။ အဲ့လေကုန်တဲ့ အမှုန်ရယ် လက်ခ ဖိုးရယ်ကို ဝယ်သူက ပေးရပါတယ်။ ကဲ ထားပါတော့၊ အဲ့ဒီတော့ ဝယ်တဲ့သူက ကိုယ်ဝယ်မယ့် ပစ္စည်း ပြန်ရောင်းတဲ့အချိန် အရှုံးသက်သာချင်တယ်ဆိုရင်..
(၁) အချက်က အလျော့တွက်လက်ခသက်သာ တဲ့အထည်မျိုးကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ ဘယ်လိုအထည်တွေလဲ ဆိုတော့ ပုံသိပ်မဆန်းတဲ့ အထည်တွေပါ။ ဥပမာ....စတိလက်ကောက် စတိလက်စွတ် ၊ စာလုံးကွင်း ၊ သံပွကြိုး စတဲ့အထည်မျိုးတွေပါ။
(၂) အချက်က လပိုင်းအတွင်း ပြန်ရောင်းမယ့် ပြန်လဲလှယ်မယ့် အထည်တွေဆိုရင် မပျက်စီးအောင် မပိန်အောင်မပေါက်မကျိုး အောင် စည်းကမ်းရှိရှိ ဝတ်စားဖို့လိုပါမယ်ဗျ။
(၃) အချက်က အလေးချိန်များများနဲ့ အထည် အရေအတွက်နည်းနည်း ဝယ်ယူဖို့လိုပါတယ်။ ဥပမာ ကိုယ်က ၁၀ သိန်းဖိုးရွှေဝယ်မယ်။ လက်စွတ်ရယ် ဆွဲကြိုးရယ် နားကပ်ရယ် လက်ကောက် ၁ ရံရယ်ဆို အထည် ၅ခု ဖြစ်တဲ့အတွက် လက်ခက ၅ ခုစာပေးရပါတယ်။ အဲ့သလို ဝယ်မယ့်အစား ၁၀ သိန်းဖိုး လက်ကောက် ၁ ရံဖြစ်စေ၊ဆွဲကြိုး ၁ ကုံးဖြစ်စေ လုပ်တာက ပြန်ရောင်းတဲ့အခါ အရှုံးသက်သာ စေသလို ဈေးတက်ရင် မြတ်စေတတ်ပါတယ်။ ၅မူသား လောက်လုပ်ထားရင် တကျပ်သားကို တသိန်းတက်ရင် အရင်းကျေနိုင်ပါတယ်။
(၄) အချက်ကတော့ လုပ်ခ နဲ့ အလျော့တွက် သက်သာတဲ့ဆိုင်တွေမှာ ရွေးချယ်ဝယ်ယူခြင်း။
(၅) အချက်ကတော့ တချို့တချို့သောဆိုင်တွေ ဟာ ဒုံးထည်လို့ခေါ်တဲ့ အလျော့တွက်လက်ခ မပါတဲ့ အထည်တွေ ၊ တနည်းအားဖြင့် ဝယ်ယူပြီး ပြန်လည်ရောင်းချ လဲလှယ်သွားသော အထည် ဟောင်းများထဲမှ ပျက်စီးမှု နည်းပါးသော အထည်တွေကို ပြန်လည်ရောင်းချပေးပါတယ်။
အဲ့သလို အထည်တွေဆိုလည်း အလေးချိန် အတိုင်း ပေါက်ဈေးနဲ့တွက်ပြီး အမြတ် ထောင်ဂဏာန်းပေးရင် ဝယ်ယူလို့ရတတ် ပါတယ်......ဆိုတဲ့အကြောင်း တင်ပြရင်း...
Credit :
No comments:
Post a Comment
မင်္ဂလာပါ..