menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်နိုင်စေမယ့် 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခု

 

အင်တာနက်ရနေချိန် သင်ယူထားကြ
𝟮𝟬𝟮𝟭 မှာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်နိုင်စေမယ့် 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခု

𝟮𝟬𝟮𝟭 နှစ်သစ်မှာ မိမိရဲ့အသိပညာ၊ ဗဟုသုတတွေကို အဆင့်မြှင့်တင်နိုင်စေမယ့် "အခမဲ့" 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခုကို စုစည်းပေးလိုက်ပါတယ်။ တစ်ခုချင်းစီ ဖတ်ကြည့်နော် 👇🏻

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭. 𝗖𝗼𝘂𝗿𝘀𝗲𝗿𝗮

https://www.coursera.org/

Coursera ဆိုတာလည်း နာမည်ကြီး Learning website တစ်ခုပါ။ Coursera အမည်နဲ့ app လည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Coursera ကနေ အခုလက်ရှိသင်ယူနေသူ ၃၅ သန်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးက တက္ကသိုလ် ၁၅၀ ကျော်နဲ့ချိတ်ဆက်ထားပြီး သင်ခန်းစာပေါင်း ၂၇၀၀ ကျော် ရှိပါတယ်။ Coursera မှာ သင်ခန်းစာအများစုက အခမဲ့ဖြစ်ပါတယ်။ Certificate လိုချင်တယ်ဆိုရင်လည်း ပိုက်ဆံပေးပြီး စာမေးပွဲဖြေလို့ရပါတယ်။ (ဒေါ်လာ ၃၀ က ၁၀၀ ဝန်းကျင်ရှိပါတယ်။)

Coursera App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးတက္ကသိုလ်တွေက သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တာဖြစ်လို့ တန်ဖိုးရှိတဲ့ Website တစ်ခုပါ။ Email တစ်ခုရှိရုံနဲ့ login ဝင်ပြီး မိမိစိတ်ဝင်စားတဲ့သင်ခန်းစာတွေကို စတင်လေ့လာနိုင်ပါပြီ။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟮. 𝗞𝗵𝗮𝗻 𝗔𝗰𝗮𝗱𝗲𝗺𝘆

https://www.khanacademy.org/

Salman Khan တည်ထောင်ထားတဲ့ Khan Academy က အကျိုးအမြတ်မယူတဲ့ (non-profit) အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်က “ကမ္ဘာ့အဆင့်မီပညာရေးကို တစ်ကမ္ဘာလုံး ဘယ်နေရာကဖြစ်ဖြစ် အခမဲ့ ရယူနိုင်စေဖို့” ပါ။ (လုံးဝအခမဲ့နော်... ပိုက်ဆံပေးဖို့ option တောင် မရှိဘူး။)

Khan Academy ရဲ့ သင်ခန်းစာပို့ချချက်တွေက အရမ်းနားလည်ရလွယ်ကူလို့ ကျောင်းသူကျောင်းသားတွေ သာမက စာသင်ပေးနေတဲ့ ဆရာဆရာမတွေ အတွက်ပါ အလွန်အသုံးဝင်ပါတယ်။ Physics, Math, Grammar, Science, History, Business အစရှိတဲ့ ကမ္ဘာ့အဆင့် သင်ခန်းစာပေါင်း ၄၀၀၀ ကျော်ရှိလို့ မိမိရဲ့ ကလေးကို အိမ်မှာနေရင်း နိုင်ငံတကာပညာရေးနဲ့ ထိတွေ့ပေးချင်တဲ့ မိဘတွေ၊ ဆရာတွေအားလုံး မဖြစ်မနေ စမ်းသုံးကြည့်သင့်ပါတယ်။

Khan Academy ကို 2010 ခုနှစ်က Bill Gates ကိုယ်တိုင် Public မှာ ချီးကျူးခဲ့ပြီး သူ့ကလေးတွေအားလုံးကိုလည်း Khan Academy ကနေ ပညာသင်ခိုင်းကြောင်း ပြောခဲ့ပါတယ်။ Khan Academy App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟯. 𝗲𝗱𝗫

https://www.edx.org/

edX ဟာ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Harvard နဲ့ MIT (Massachusetts Institute of Technology) တို့ ပူးပေါင်းဖန်တီးထားတဲ့ အလန်းစား online learning website တစ်ခုပါ။ edX app လည်းရှိပါတယ်။ edX က သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တယ်ဆိုပေမယ့် Harvard, MIT, Berkeley နဲ့ Boston University တို့လို့ နာမည်ကြီး တက္ကသိုလ်တွေက ကမ္ဘာ့အဆင့်သင်ခန်းစာတွေဖြစ်လို့ ပညာရေးအရည်အသွေးကို အထူးညွှန်းစရာ မလိုလောက်ဘူးထင်ပါတယ်။

Law, History, Engineering, Computer Science, Business, Entrepreneurship စတဲ့ဘာသာရပ်တွေကအစ Artificial Intelligence (AI) လို ဘာသာရပ်တွေအထိပါ အခမဲ့ လေ့လာနိုင်မှာပါ။ Certificate လိုချင်ရင်လည်း Coursera လိုပဲ ပိုက်ဆံထပ်ပေးပြီး ယူလို့ရပါတယ်။ လက်ရှိသင်ယူလေ့လာနေသူ သန်း ၂၀ ကျော်ရှိပြီး သင်ခန်းစာပေါင်း ၂၄၀၀ ကျော်ရှိထားတာဖြစ်လို့ 2021 မှာ လုံးဝစမ်းကြည့်သင့်တဲ့ website တစ်ခုပါ။ edX က App လည်းရှိတော့ ဖုန်းနဲ့လည်း အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟰. 𝗧𝗘𝗗

https://www.ted.com

TED ကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်လို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုပါဘူး။ TED မှာ Business, Beauty, Technology, Science, Engineering, Design, Entertainment, Education တို့ကအစ AI, Astronomy, Blockchain, Humanity အဆုံး နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေးအခေါ် အိုင်ဒီယာကောင်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ဗဟုသုတရဖွယ် လေ့လာကြည့်ရှုရမှာပါ။ ယနေ့ခေတ်လူငယ်တိုင်းရဲ့ ဖုန်းထဲမှာ TED App တော့ ရှိထားသင့်တယ်နော်!

TED ဗီဒီယိုအများစုက ကြာချိန် ၁၀ မိနစ်မှ မိနစ် ၂၀ အတွင်းပဲရှိလို့ အားလပ်ချိန်နည်းနည်းလေးပဲရတယ်ဆိုရင်တောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေမှာပါ။

လမ်းညွှန်။ TED Talks တွေကို အခုမှ စကြည့်လို့ TED Talk တစ်ခုစီရဲ့ concept တွေကို မမိလိုက်ဘူးဆိုရင် (ဒါမှမဟုတ်) ဘယ် TED Talk တွေကို စကြည့်သင့်မှန်း မသိဘူးဆိုရင် 12min Notes Myanmar က အခမဲ့ စီစဥ်ပေးထားတဲ့ 𝗧𝗘𝗗 𝗥𝗲𝘃𝗶𝗲𝘄𝘀 𝗯𝘆 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 (https://www.facebook.com/12minTEDreviews) Page မှာ TED Talk တစ်ခုစီရဲ့ Key Insights တွေနဲ့ Review တွေကို အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ (ဖတ်ရင်းနဲ့မှ ပိုပြီးအတွင်းကျကျ သိချင်ရင် Original Talk ကို ဆက်ကြည့်လို့ရတာပေါ့...)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟱. 𝗧𝗘𝗗-𝗘𝗱

https://ed.ted.com/

TEDEd website က နာမည်ကျော် TED.com ရဲ့ အခွဲတစ်ခုပါ။ သင်ခန်းစာတွေ၊ အိုင်ဒီယာတွေကို (၅) မိနစ်စာ ဗီဒီယိုဖိုင်လေးတွေနဲ့ ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အချိန်ကုန်လည်းသက်သာသလို ကြည့်လို့လည်း အရမ်းကောင်းတဲ့ website တစ်ခုပါ။ Concept တူညီတဲ့ ဗီဒီယိုငယ်လေးတွေအများကြီးကို စုစည်းပြီး Series တွေခွဲပေးထားလို့ အကြောင်းအရာတစ်ခုကို အသေးစိတ်နက်နက်နဲနဲလေ့လာချင်သူတွေအတွက်လည်း အထူးအသုံးတည့်စေမှာပါ။

Arts, Business & Economics, Design, Engineering, Health, Psychology, Thinking, Science, Technology အစရှိတဲ့ ဘာသာရပ်ပေါင်းစုံကို စိတ်ဝင်စားသူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ website တစ်ခုပါ။ တစ်နေ့ကို (၅) မိနစ်စာ TEDEd ဗီဒီယိုတစ်ခုဝင်ကြည့်ရင်တောင် တစ်နှစ်ကြာတဲ့အခါ သင့်ရဲ့ အသိပညာဗဟုသုတတွေ အများကြီးတိုးပွားလာမှာအမှန်ပါပဲ။ (နေ့တိုင်းမှန်မှန် ဝင်ကြည့်ဖြစ်ဖို့တော့လိုမယ်နော်!)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟲. 𝗨𝗱𝗲𝗺𝘆

https://www.udemy.com/

အရည်အသွေးကောင်းတဲ့ သင်ခန်းစာမျိုးစုံကို အခမဲ့ရော ပိုက်ဆံပေးပြီးပါ အွန်လိုင်းပေါ်က အလွယ်တကူ သင်ယူလေ့လာနိုင်စေမယ့် website တစ်ခုပါ။ သင်ကြားပေးနေတဲ့သူတွေက ဘာသာရပ်ဆိုင်ရာ အလွတ်တမ်းပညာရှင်တွေပါသလို နာမည်ကြီး တက္ကသိုလ်ကြီးတွေမှာ လက်ရှိစာသင်ပေးနေတဲ့ ပါမောက္ခတွေလည်း ပါဝင်ပါတယ်။ သင်ခန်းစာပေါင်း သောင်းနဲ့ချီပြီးရှိတာဖြစ်လို့ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရှာပြီး review ကောင်းကောင်းရထားတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။

အရင်တုန်းက ပိုက်ဆံပေးရတဲ့သင်ခန်းစာတော်တော်များများက ၁၀ ဒေါ်လာအောက်ဖြစ်ပေမယ့် အခု COVID ကာလမှာ Demand များလာတာနဲ့အမျှ သင်ခန်းစာတွေလည်း ဈေးတက်လာပါတယ်။ ဒါပေမယ့် အခမဲ့လေ့လာလို့ရတဲ့ သင်ခန်းစာတွေလည်း အများအပြားရှိနေသေးတာကြောင့် စမ်းသပ်လေ့လာကြည့်သင့်တဲ့ website တစ်ခုဖြစ်ပါတယ်။ App လည်းရှိပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟳. 𝗦𝘁𝗮𝗻𝗳𝗼𝗿𝗱 𝗢𝗻𝗹𝗶𝗻𝗲

https://online.stanford.edu

ဒီ Stanford Online website ကတော့ Stanford တက္ကသိုလ်တစ်ခုတည်းက တင်ဆက်တဲ့ အခမဲ့ အွန်လိုင်းသင်ခန်းစာတွေကို လေ့လာနိုင်မှာပါ။ Stanford တက္ကသိုလ်က သင်ခန်းစာတွေသီးသန့်ကို အွန်လိုင်းပေါ်က အခမဲ့ လေ့လာခွင့်ရမှာဆိုတော့ အိမ်မှာနေတုန်းဝင်လေ့လာသင့်တဲ့ website တစ်ခုပါပဲ။ ဒီ Website ထဲကိုဝင်ပြီး Programs > Free Courses ကနေ မိမိစိတ်ဝင်စားတဲ့ အခမဲ့ သင်ခန်းစာတွေကို ရှာဖွေလေ့လာနိုင်ပါတယ်။ Free Courses တွေတင် ၁၀၀ ကျော်ရှိတော့ ကိုယ့်စိတ်ကြိုက် လေ့လာလို့ရတာပေါ့။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟴. 𝗖𝗼𝗱𝗲𝗮𝗰𝗮𝗱𝗲𝗺𝘆

https://www.codecademy.com/

ကွန်ပျူတာ program ရေးသားခြင်းကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေအတွက် အမိုက်စား website တစ်ခုပါ။ Codeacademy မှာ programming language တော်တော်များများကို အခြေခံကစပြီး သင်ယူလေ့လာနိုင်ပါတယ်။ အခမဲ့သင်ယူလေ့လာနိုင်တဲ့ သင်ခန်းစာတွေလည်း အများကြီးပါ။ အခမဲ့ဆိုပေမယ့် အမြည်းကျွေးတာမျိုးမဟုတ်ပဲ တစ်ခုကို ၁၁ နာရီကျော်ကြာတဲ့ သင်ခန်းစာစီးရီးတွေပါ။ Codeacademy မှာ web development, programming, computer science နဲ့ data science လို ဘာသာရပ်တွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ အခုလက်ရှိသင်ယူသူပေါင်း ၄၅ သန်းကျော်ရှိပါတယ်။

အခမဲ့သင်ယူရင်း စိတ်ပါသွားရင်လည်း လစဥ်ကြေးပေးပြီး အဆင့်မြင့်သင်ခန်းစာတွေကို ဆက်လေ့လာလို့ရပါတယ်။ Codeacademy က သင်တန်းဆင်းကျောင်းသားအများစုဟာ Google, Facebook, IBM နဲ့ Bloomberg တို့လို နာမည်ကျော်နည်းပညာကုမ္ပဏီတွေမှာ အလုပ်ဝင်နေကြပါတယ်။ (ဒါဆိုအရည်အသွေးကောင်းတာသေချာပြီပေါ့)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟵. 𝗗𝘂𝗼𝗹𝗶𝗻𝗴𝗼

https://duolingo.com/

ကမ္ဘာတစ်ဝှမ်းအသုံးပြုသူ သန်း ၃၀၀ ကျော်သွားပြီဖြစ်တဲ့ Duolingo ဟာ ဘာသာစကားမျိုးစုံကို အခမဲ့ လေ့လာနိုင်မယ့် website နဲ့ app တစ်ခုဖြစ်ပါတယ်။ Duolingo က သူတို့ရဲ့ ဘာသာစကားသင်ခန်းစာတွေကို တစ်သက်တာလုံး အခမဲ့ ပေးသွားမယ့် Business Model နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိလည်း 100% အခမဲ့ သင်ယူလေ့လာနိုင်ပါတယ်။ Duolingo မှာ ၃၄ နာရီ လေ့လာခြင်းဟာ ၂ လ ကြာမြင့်တဲ့ အခြေခံဘာသာစကားသင်တန်းတစ်ခုနဲ့ ညီမျှတယ်လို့တောင် ညွှန်းဆိုကြပါတယ်။

Duolingo မှာ လေ့လာမှုအများဆုံးဘာသာစကား (၇) ခုကတော့ Spanish, French, German, Japanese, Italian, Korean, Mandarin Chinese (အစဥ်လိုက်) တို့ဖြစ်ပါတယ်။ ကိုယ်က အင်္ဂလိပ်စာအားနည်းနေသေးတယ် ဆိုရင်လည်း Duolingo မှာ အင်္ဂလိပ်စာပါ လေ့လာလို့ရတော့ အဆင်ပြေတာပေါ့။ Duolingo ရဲ့Free နဲ့ Paid အဓိကကွာခြားချက်က Paid မှာ ကြော်ငြာတွေမပါတော့တာနဲ့ Lesson တွေကို Offline Download လုပ်လို့ရတာပါပဲ။ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ်သင်ချင်တဲ့ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာလိုက်ပါတော့...

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟬. 𝗠𝗲𝗺𝗿𝗶𝘀𝗲

https://memrise.com/

ဘာသာစကားသင်ယူနေသူတွေအတွက် စကားလုံးတွေကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် မှတ်သားနိုင်ချင်တယ်ဆိုရင် Memrise ကို စမ်းသုံးကြည့်သင့်ပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူတဲ့အခါမှာ အဲ့ဒီဘာသာစကားရဲ့ စကားလုံး ၁၅၀၀−၂၀၀၀ လောက်မှတ်မိရင် တော်တော်လေး ပြောနိုင်ပါတယ်။ ဒီစကားလုံး ၁၅၀၀ လောက်ကို အမြန်ဆုံးမှတ်မိအောင်၊ မှတ်မိပြီး ပြန်မမေ့အောင် လုပ်ချင်တယ်ဆိုရင် Memrise ကို သုံးသင့်ပါတယ်။ Memrise app ကို အခမဲ့ အသုံးပြုနိုင်ပြီး သူ့မှာပါဝင်တဲ့ features အကုန်သုံးချင်တယ်ဆိုရင် တစ်နှစ်ကို မြန်မာငွေ ၉၀၀၀၀ လောက်ပဲ ပေးရပါတယ်။ (တစ်လကို မာလာရှမ်းကောတစ်ပွဲစာတောင်မရှိပါဘူး)

ကျွန်တော်ကိုယ်တိုင်လည်း စပိန်စာသင်တုန်းက Memrise ကို သုံးခဲ့ပြီး စကားလုံး ၁၅၀၀ ကျော်ကို ၄ လအတွင်း မှတ်မိအောင် လုပ်နိုင်ခဲ့တာဖြစ်လို့ တကယ်ကိုအသုံးဝင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ်သင်ချင်တဲ့ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာလိုက်ပါတော့...

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟭. 𝗖𝘂𝗿𝗶𝗼𝘀𝗶𝘁𝘆 𝗦𝘁𝗿𝗲𝗮𝗺

https://curiositystream.com

ရုပ်ရှင်ဖျော်ဖြေမှုကိုကြိုက်တဲ့သူတွေအတွက် Netflix ရှိတယ်ဆိုရင် စူးစမ်းလေ့လာချင်သူတွေအတွက် Curiosity Stream ရှိတယ်လို့ ပြောနိုင်ပါတယ်။ (Curiosity Stream က ကျွန်တော့်လို့ Documentary ကြိုက်သူတွေအတွက် တော်တော်လေးကောင်းပါတယ်။) ကမ္ဘာကျော် Discovery Channel ကိုတည်ထောင်ခဲ့တဲ့ John Hendricks ကိုယ်တိုင်တည်ထောင်ထားတဲ့ Curiosity Stream မှာ သင့်ရဲ့ အသိပညာဗဟုသုတကို တိုးပွားလာစေမယ့် အရည်အသွေးမြင့် Documentary ဇာတ်လမ်းပေါင်း ရာကျော်ရှိပါတယ်။ Science, History, Technology, Nature, Society, Lifestyle, Kids ဆိုပြီး အမျိုးအစားတွေ ခွဲပေးထားလို့ စိတ်ဝင်စားတဲ့အပိုင်းကို လေ့လာနိုင်တာပေါ့။

Curiosity Stream က အခမဲ့ တော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နှစ်ကို မြန်မာငွေ 30,000 (HD Version) လောက်ပဲ ပေးရတာဆိုတော့ တစ်လ ၃၀၀၀ တောင်မရှိပါဘူး။ တစ်လကို Taxi တစ်ခေါက်လျှော့စီးပြီး အသိပညာဗဟုသုတတွေစုဆောင်းရင် မကောင်းဘူးလား? ပိုက်ဆံပိုတတ်နိုင်တယ်ဆိုရင် တစ်နှစ်ကို ၁ သိန်းကျော်ပေးပြီး 4K Version ကို ဝယ်ကြည့်နိုင်ပါသေးတယ်။ (ကျွန်တော်ကိုယ်တိုင်လည်း အလုပ်လုပ်ရင်း စိတ်မပါတော့ဘူးဆိုရင် နားကြပ်လေးတပ်ပြီး မိနစ် ၅၀ စာ Documentary လေးတစ်ပုဒ် ဖွင့်ကြည့်လိုက်တာပဲ 😄)

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝟭𝟮. 𝗖𝗿𝗮𝘀𝗵 𝗖𝗼𝘂𝗿𝘀𝗲

https://thecrashcourse.com

Crash Course ဆိုတာ ကမ္ဘာ့အဆင့်ပညာရေးကို လူတိုင်း တစ်သက်တာလုံး အခမဲ့ လက်လှမ်းမီစေဖို့အတွက် YouTube က ရန်ပုံငွေထုတ်ပြီး ဖန်တီးပေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။ (KhanAcademy နဲ့ ခံယူချက်ချင်း တူပါတယ်။) Crash Course ရဲ့ အစပိုင်း သင်ခန်းစာတွေကို နာမည်ကျော်စာရေးဆရာ John Green နဲ့ သူ့ညီ Hank Green တို့နှစ်ဦးက ဦးဆောင်ပြီး တင်ဆက်ပေးထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သက်ဆိုင်ရာပညာရှင်တွေကပါ ပါဝင်အားဖြည့်ထားပြီး အခုအချိန်အထိ ပညာရပ်နယ်ပယ်ပေါင်း ၃၂ ခုကို Cover ဖြစ်တဲ့ သင်ခန်းစာ Video တွေကို အခမဲ့ ကြည့်ရှုနိုင်ပါပြီ။

History, Psychology, Entrepreneurship, Science, Economics, Engineering, Chemistry, Business, Biology, AI, Games, Sociology, Study Skills အစရှိသဖြင့် ပညာရပ်နယ်ပယ် အမျိုးအစားအများကြီးပါဝင်တာကြောင့် မိမိစိတ်ဝင်စားတဲ့အပိုင်းကို ဝင်ရောက်လေ့လာရုံပါပဲ။ YouTube က ထောက်ပံ့ပေးထားတဲ့ Project ဖြစ်တာနဲ့အညီ Crash Course မှာ Video တွေရဲ့ အရည်အသွေး၊ Content အရည်အသွေးနဲ့ Presentation Style တွေက အရမ်းကိုကောင်းမွန်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

𝗕𝗼𝗻𝘂𝘀: 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹

https://www.youtube.com/c/12minnotesmyanmar

ကမ္ဘာကျော် အင်္ဂလိပ် (non-fiction) စာအုပ်ကောင်းတွေထဲက အနှစ်သာရတွေကို အချိန်တိုတိုအတွင်း သိရှိရယူ အသုံးချချင်တယ်ဆိုရင် 12min Notes Myanmar အဖွဲ့က အခမဲ့ ဖန်တီးပေးထားတဲ့ 12min Notes Myanmar YouTube Channel ကို Subscribe လုပ်ထားဖို့ တိုက်တွန်းပါတယ်။

12min Notes Myanmar အဖွဲ့အစည်းဟာ ကမ္ဘာကျော်အင်္ဂလိပ်စာအုပ်ကောင်းတွေထဲက အရည်အသွေးမြင့်တဲ့ Key Insights (အနှစ်သာရ) တွေကို မြန်မာလူငယ်တွေ အချိန်တိုအတွင်း မြန်မာဘာသာနဲ့ ဖတ်ရှုရယူအသုံးချနိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ "မြန်မာဘာသာ အနှစ်ချုပ် E-Book Series တွေကို ရောင်းချလာခဲ့တဲ့ 2019 ကတည်းကပါ။

ဒါပေမယ့် 12min Notes Myanmar က ရောင်းချပေးနေတဲ့ မြန်မာဘာသာ အနှစ်ချုပ် E-Book Series တွေကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူတွေ၊ မဝယ်ဖြစ်သေးတဲ့သူတွေအတွက် အကျိုးရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာကျော်အင်္ဂလိပ်စာအုပ်ကောင်းတွေထဲက အနှစ်သာရတွေကို မြန်မာဘာသာနဲ့ အနှစ်ချုပ် Video တွေ အခမဲ့ ထပ်မံဖန်တီးပေးထားပါတယ်။ (ဒီ High-Quality Video တွေကြည့်ဖို့ ပိုက်ဆံ လုံးဝပေးစရာမလိုပါဘူး။) ဒီ Channel မှာ High-Quality Book Summary Video တွေကို မြန်မာဘာသာနဲ့ အပတ်စဥ်တင်ပေးနေတာဖြစ်လို့ Subscribe လုပ်ထားဖို့ recommend လုပ်လိုက်ပါတယ်။

▂▂▂▂▂▂▂▂▂▂▂▂▂▂

ကဲ...

အခုလောက်ဆို 2021 နှစ်သစ်မှာ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်လို့ရမယ့်နည်းလမ်းတွေ သိသွားပြီးပြီ။

ဒီ Post လေးက ကိုယ့်အတွက် အကျိုးရှိစေတယ်ဆိုရင် Post ကို Like & Share လုပ်ပေးခဲ့ဖို့ တောင်းဆိုပါရစေ။ ဒါမှ နောင်လည်းအခုလိုအကျိုးရှိစေမယ့် အကြောင်းအရာတွေကို ဆက်တင်ပေးနိုင်မှာပါ 😊

(လွတ်လပ်စွာ Share လုပ်နိုင်ပါတယ်။ Copy ကူးပြီး ပြန်ဖော်ပြခြင်းကို ခွင့်မပြုပါ)

“2021 နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ကြစို့"

1 comment:

  1. https://postimg.cc/tn0sXJZm


    https://tinyurl.com/artharmapa

    ReplyDelete

မင်္ဂလာပါ..