လူရယ်လို့ ဖြစ်လာရင် "ကျောတစ်ခင်းစာ" နေရာ တစ်နေရာကလည်း မရှိလို့ မဖြစ်ဘူးလေ။ တစ်နေကုန် စားဖို့ရှာရတယ်။ ဝတ်ဖို့ ရှာရတယ်။ ပင်ပန်းသမျှ အတိုးချပြီး အနားယူဖို့အတွက် နေအိမ်က မရှိလို့ မဖြစ်ပြန်ဘူး။ ဒါကြောင့် အပင်ပန်းခံ စုထားသမျှ ငွေများနှင့် မြေကွက်ရှာပြီး ဝယ်ယူနေထိုင်ကြရတယ်။
ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်
အဲ့ဒီလို နေဖို့အတွက် မြေနေရာ ရှာပြီး ဝယ်ယူတဲ့နေရာမျာ အခြားသူတွေလို့ မြို့လယ်ခေါင်မှာ အကွက်အကွင်းကျကျ ဈေးနားနီးနီး ကျောင်းနားနီးနီး၊ ဘုရားနားနီးနီးမှာ လူတိုင်း နေချင်ကြတာပေါ့။ ဒါပေမယ့် ကိုယ်အကြောင်း ကိုယ်သိကိုယ့်ဝင်ငွေ ထွက်ငွေနဲ့ ညှိပြီး သင့်တော်မယ့် မြေနေရာ ရှာကြရတော့တာပေါ့။
ဒီလို ခံစားချက်ရှိနေသူတို့ကိုမှ "ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမယ်"တဲ့ ဆိုရိုးစကားတွေ ရှိခဲ့တာကြောင့် သီချင်းတစ်ပုဒ်က အားပေးနေသယောင်ယောင်။ အဲ့ဒါကြောင့်လည်း ကိုယ်စွမ်းနိုင်သမျှ အသပြာငွေကြေးလေးနဲ့ မြို့အထွက်မှာဖြစ်စေ၊ မြို့အပြင်မှာဖြစ်စေ မြို့နဲ့မနီးမဝေးမှာဖြစ်စေ၊ အချိုအချောင် မြေနေရာလေးတွေလို ဝယ်ယူနေထိုင်ကြသူတွေလည်း ရှိကြ ပါတယ်။
ကတိမတည် သစ္စာမရှိ၊ လိမ်လည်သူတွေကို သတိရှိရှိ စောင့်၍ကြည့်
ခြေနိုင် လက်နိုင် ငွေကလေးနဲ့ ဝယ်ထားတဲ့ မြေကွက် ဝယ်နေပေမယ့် "မြင်း စီးလို့၊ အထီးမှန်း အမမှန်း မသိ" ဆိုသလိုပဲ မိမိဝယ်ယူနေထိုင်တဲ့ မြေကွက် ကို ရောင်းသူရှိလို့သာ ဝယ်လိုက်ရတယ်။ ဝယ်ယူလိုက်တဲ့ မြေက လယ်ယာေြ မလား၊ ယာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ အစိုးရပိုင်မြေလား၊ တိတိကျကျ မသိသူက များကြတယ်။
အဲ့ဒီလို ရိုးသားတဲ့ သူတွေကို အခွင့်ကောင်းယူပြီး သူတို့ပိုင်မြေဟုဆိုကာ အတည်ပေါက်နဲ့ လိမ်လည်ပြောဆို ရောင်းချပြီး ကိုယ်ရောင်ဖျောက်သွားတဲ့ လူတွေကလည်း လောကမှာ ရှိနေကြတယ် "ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော" ဆိုတဲ့ လူ့အတ္တတွေကြောင့်လည်း ရိုးသားတဲ့ သူတွေဟာ ဘုမသိ ဘမသိနဲ့ သူတစ်ပိုင် မြေထဲ ဝင်ရောက်နေထိုင်တဲ့ ကျူးကျော်သူတွေ ဖြစ် သွားကြပြီ၊ တရားစွဲခံနေကြရသူတွေလည်း ရှိနေတာကို တွေ့ရတယ်။
မြေဝယ်ရင် မြေရာဇဝင် သိဖို့လိုအပ်
သာဓကတစ်ခုကို လေ့လာကြည့်ရင် ပဲခူးမြို့နယ် သာယာကုန်းကျေးရွာ အုပ်စုမှာ ရှိတဲ့ ကွင်းအမှတ်(၁၁၉၃)၊ ဝင်းဘော်ဒက်ကွင်း၊ ဦးပိုင်အမှတ်(၃၉) ဟာ ဥယျာဉ်ခြံမြေ အမျိုးအစားဖြစ်ပြီး မြေဧရိယာ (၄.၃၀)ဧက ကျယ်ဝန်း တယ်လို့ သိရပါတယ်။ အဲ့ဒီမြေအားလုံးကို ဦးအေးလှိုင်က လွန်ခဲ့သော နှစ်ေ ပါင်း (၃၀)တည်းက အမည်ပေါက် ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဥစ္စာရင်းမှန်လို့ ပြန်ရ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရ
အဲ့ဒီဥယျာဉ်ခြံမြေကွက်ကြီးကို ၁၉၆၄ ခုနှစ်ခန့်မှာတော့ စစ်မြေပြင် အင်ဂျင် နီယာတပ်ရင်း(၉၀၆)က နိုင်ငံတော်လိုအပ်ချက်အရ သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။ အနှစ်(၂၀)ခန့်အကြာ ၂၀၁၄ ခုနှစ်မှာတော့ အဲ့ဒီစစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက ဥယျာဉ်ခြံမြေ ပိုင်ရှင် ဦးအေးနိုင်ကို ပြန်လည် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတွင်မက ပုံစံ-၇ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်နဲ့ မြေစာရင်းပုံစံ(၁၀၅)မြေပုံတို့ကိုပါ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ထုတ်ပေးခဲ့ပြန်ပါတယ်။ ဒါကြောင့် အဲ့ဒီမြေ(၄.၃၀)ဧက အားလုံးက ဦးအေးနိုင် အမည်ပေါက်ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲ့ဒီဥယျာဉ်ခြံမြေ (၄)ဧကခွဲ မြေကွက်လွတ်ကြီးက ၁၉၉၀ ခုနှစ်မှာ ပဲခူးမြို့နယ် လသာအေး မြို့ကွက်သစ် ဖော်ထုတ်တဲ့ လသာအေးကျေးရွာ ရထားပိုင်မြေကွက်ကြီး ဖြစ်တယ်လို့ ယုံကြည်တဲ့သူတွေက ဝယ်ယူနေထိုင် လာခဲ့ကြတဲ့ သူတွေရှိနေခဲ့တယ်။ အချို့သော သူများကလည်း သာသနာတော်ကို ကြည်ညိုလွန်းသဖြင့် ကျောင်းဆောက်ရန်အတွက်ဖြစ်စေ၊ ရိပ်သာဖွင့်ရန်အတွက်ဖြစ်စေ မြေကွက်တွေဝယ်ယူပြီး သာသနာမြေအဖြစ် လှူဒါန်း ထားကြတယ်လို့ သိရပြန်ပါတယ်။
အိမ်ခြံမြေ အဝယ်မှား၊ ကျူးကျော်သူလို့ စွပ်စွဲထား
ဟော..အခုတော့ ရ.ဝ.တ ပိုင်လို့ ယုံကြည့်ပြီး ဝယ်ယူနေထိုင်ခဲ့တဲ့သူတွေ ပိုင်ရှင်အစစ်အမှန်ပေါ်လာပြီဆိုတာလည်း သိလာကြတော့ မရှူနိုင် မကယ်နိုင်ဖြစ် ဖြစ်ကုန်ကြတော့တာပေါ့။ မူလ လယ်ပိုင်ရှင်ဆိုသူကလည်း ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေတာမဟုတ်ပါဘူး။ ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက် ကျူးကျော်နေသူများနှင့် အိမ်အဆောက်အဦးများအား ဖယ်ရှာ ထွက်ခွာပြီး လက်ရောက်ရလိုမှုနဲ့ တရားစွဲခံနေကြရပြီလို့ သိရပါတယ်။
ဘယ်သူပိုင်လို့ ဘယ်သူနိုင်တယ်၊ ဘယ်သူမှန်လို့ ဘယ်သူမှားမယ်ဆိုတာ ကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ခံယူရတော့မှာပေါ့။ ဒီနေရာမှာ ပြော ချင် တာကတော့ အဲ့ဒီမြေကွက်ပေါ်မှာ ကျူးကျော်သူတွေလို့ အစွပ်စွဲခံနေရ သူတွေဟာ သူတို့ဘက်က ကြည့်ရင် ကျူးကျော်နေထိုင်ပြီး ဝယ်ယူနေထိုင် ကြသူတွေ ဖြစ်တယ်လို့ သူတို့ဘက်ကလည်း ဝယ်ယူထားတဲ့ စာချုပ်စာတမ်းအေ ထာက်အထားတွေတော့ ပြကြမှာပဲ။
မေးပါများ စကားရ၊ စုံစမ်းနိုင်မှ သတင်းတိကျ
ထို့အတူဘဲ လက်ရှိ ဥယျာဉ်ခြံမြေ အမည်ပေါက်သူကလည်း သူပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေ တင်ပြမှပဲ ဒါပေမယ့် စာရင်းစစ်တော့ အမြစ်မြေက ဆိုသလို ဒီလို လူနေရပ်ကွက်မဟုတ်တဲ့ မြေကွက်ကျယ်ကြီး ကို နိုင်ငံတော်အစိုးရ(ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က တရားဝင် အကွက်ရိုက်ပြီး ချထားပေးခြင်းဟုတ်မဟုတ် သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သင့်ပါတယ်။
ယခုတော့ မစူးစမ်းမဆင်ခြင်ဘဲ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတဲ့ "သူများစကားနဲ့လမ်း မဆုံးစေနဲ့" ဆိုတဲ့ ဩဝါဒကို မျက်ကွက်ပြုကာ တစ်ဆင့် စကားတွေ ယုံမှားပြီး ဝယ်ယူနေထိုင်ကြတဲ့အတွက် အခုလို ပြေးစရာမြေ မရှိ ပေးစရာငွေမရှိ ကိန်းဆိုက်ကုန်ကြတာပေါ့။ ဒါဟာ "ဘယ်သူပြုပြု မိမိမှု"ပဲလေ။ ဒါကြောင့် အိမ်ခြံမြေများ ဝယ်ယူကြတော့မယ်ဆိုရင် ကိုယ် ဝယ်ယူနေထိုင်မယ့် မြေဟာ လူနေထိုင်ခွင့်ရှိတဲ့ မြေမျိုးလား၊ ပုဂ္ဂလိက ပိုင်မြေလား၊ အစိုးရပိုင်မြေလား စသည်ဖြင့် ခွဲခွဲခြားခြား ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ယခင် ကြေး တိုင်နှင့် မြေစာရင်း ဦးစီး ဌာန) တို့မှာ မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူကြပါလို့သာ တိုက်တွန်းနှိုးဆော် လိုက်ရပါတော့တယ်။
"မိလိန္ဒ" နဲ့ "ရှင်နာဂသိန်း" တို့ထုံး နှလုံးမူနိုင်ကြပါစေ
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com
No comments:
Post a Comment
မင်္ဂလာပါ..