Tripod ဝယ်တော့မယ်ဆို ဒါအရင်ဖတ်ပါ
ဓာတ်ပုံသမားတယောက် Tripod ဘယ်လောက်များများ ဝယ်ဖို့လိုသလည်းဆိုတော့ စစ်စစ်ပေါက်ပေါက် ပြောရရင် တချောင်း ရှိရင် ရပါတယ်။ ဒါထက်ပိုရင် Tripod ၂ ချောင်းဆို လုံလောက်ပါတယ်။ ကိုယ်က ကင်မရာတွေအမျိုးမျိုး လျှောက်ကိုင်နေမယ်၊ ဓာတ်ပုံတွေလည်း အကြောင်းအရာအစုံရိုက်မယ်၊ ကိုယ်သုံးမယ့်ကင်မရာ၊ ကိုယ်ရိုက်မယ့်ဓာတ်ပုံအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Tripod တွေကိုပဲ သုံးမယ်ဆိုရင်တော့ Tripod တွေလည်း အမျိုးမျိုး လိုလာပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ အခုမှ ဓာတ်ပုံတွေ စရိုက်မယ် ၊ ဘယ်လို Tripod မျိုး ဝယ်ရမလည်းဆိုရင်တော့ ထည့်ပြီး စဉ်းစားရမယ့်အချက်တွေ ရှိလာပါတယ်။ အတွေ့အကြုံတွေကို အခြေခံပြီး အကြံပြုပေးပါမယ်။
၁။ ကိုယ်ကငွေဘယ်လောက်သုံးချင်တာလည်း
ဒီက အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ ကိုယ်သုံးနိုင်မယ့်၊ ကိုယ်သုံးချင်တဲ့ ငွေပမာဏကို မူတည်ပြီးတော့ပြီး အရင်ဆုံး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ Tripod အမျိုးအစားတွေ၊ အမှတ်တံဆိပ်တွေ အစုံရှိနေတာမို့ ကိုယ်သုံးချင်တဲ့ ငွေပမာဏကို မူတည်ပြီးတော့ အဆင်ပြေမယ့် Tripod ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အနည်းဆုံးငွေ ၅ သောင်းကျော်ကနေ စသုံးမှသာ ဓာတ်ပုံသမားတယောက်အတွက် အသုံးတည့်မယ့် Triood ကို ရနိုင်မှာ ဖြစ်ပါတယ်။ အမှတ်တံဆိပ် Brand ထက် အသုံးတည့်တာ၊ ခိုင်ခံတာကို ဦစားပေးမယ်ဆိုရင်တော့ ၁ သိန်းပတ်ချာလည်ဆိုရင် ဓာတ်ပုံသမားတယောက်အတွက် တကယ်သင့်တော်တဲ့ Tripod တချောင်းကို ဝယ်လို့ရနေပါပြီ။ ရွေးတတ်မယ်ဆိုရင်တော့ ငွေ ၁ သိန်းပတ်ချာလည်နဲ့ အကြမ်းခံ၊ ရေရှည်ခံ ၊ ခိုင်ခံမာကြောတဲ့ Carbonfiber Tripod အမျိုးအစား Tripod ကိုတောင် ဝယ်လို့ရနေပါပြီ။
ပေါ့ပေါ့ပါးပါးရှိပြီးတော့ အကြမ်းခံ၊ ရေရှည်ခံတဲ့ Carbonfiber Tripod အမျိုးအစား Tripod ကို တခါတည်း ဝယ်နိုင်ရင် ပိုကောင်းပါတယ်။ အဝယ်မှားပြီး ပြန်ဝယ်နေရရင် ငွေပိုကုန်ပါတယ်။ မဝယ်ခင် သေသေချာချာ စဉ်းစားပါ။ Tripod က အမျိုးအစား စိတ်ချရတာကို ဝယ်ထားလိုက်မယ်ဆိုရင် တခါဝယ်ပြီးရင် ၄-၅-၁၀ နှစ် သုံးလို့ရပါတယ်။ ရိုသေမယ်ဆိုရင် တသက်လုံးတောင် သုံးလို့ရပါတယ်။
၂။ ကိုယ်က ဘယ်လိုကင်မရာတွေ သုံးမှာလည်း Mirrorless လား၊ DSLR လား
ကိုယ်သုံးမယ့်၊ ကိုယ့်မှာရှိနေတဲ့ ကင်မရာအမျိုးအစား၊ မှန်ဘီလူးတွေရဲ့ အရွယ်အစားကိုလည်း ထည့်ပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ Mirrorless ကင်မရာအသေးတွေကိုပဲ အသုံးပြုမယ့်သူတွေအတွက်ကတော့ Tripod အကြီးကြီးတွေ မလိုအပ်ပါဘူး။ သေးငယ်ပေါ့ပါးတဲ့ Tripod တွေဆို ရပါတယ်။ ကိုယ်က DSLR တွေပဲ ကိုင်မယ်ဆိုရင်တော့ Entry Level ပဲ ကိုင်ဦးတော့ Mirrorless ကင်မရာတွေထက် ကင်မရာအရွယ်အစား ပိုကြီးနိုင်ပါတယ်။ Mirrorless ကင်မရာသမားတွေထက် ပိုကြီးပြီး ၊ ပိုတောင့်တင်းတဲ့ Tripod တွေကို ရွေးရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ မှန်ဘီလူးအကြီးကြီးတွေရှိတယ်ဆိုရင်တော့ အဲဒီမှန်ဘီလူးအကြီးကြီးတွေ တင်နိုင်လောက်တဲ့အထိ ခိုင်ခံတောင့်တင်းတဲ့ Tripod လိုအပ်လာပါပြီ။ ကိုယ်သုံးမယ့် အကြီးဆုံးကင်မရာနဲ့ မှန်ဘီလူးကို တွက်ဆဝယ်ပါ။ Tripod အသေးဝယ်လိုက်ရင် ကင်မရာအကြီးနဲ့ မှန်ဘီလူးအကြီးတွေ တင်ရိုက်တဲ့အခါ စိတ်မချရတော့ပါဘူး။ လိုအပ်တာထက် ပိုကြီးနေရင်လည်း သယ်ရတာ ဝန်ပိုကြီးစေပါတယ်။
၃။ ကိုယ်က ဘယ်လိုဓာတ်ပုံအမျိုးအစားတွေ ရိုက်မှာလည်း
ဒါကလည်း Tripod ဝယ်တော့မယ်ဆိုရင် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ ကိုယ်က ဓာတ်ပုံရိုက်ခန်းမထဲမှာပဲ ရိုက်မယ်၊ အပြင်ကိုသယ်သွားစရာ သိပ်မရှိဘူးဆိုရင်တော့ ခိုင်ခံတောင်းတင့်မှုကို ပိုဦးစားပေးရတော့မှာပါ။ ပေါ့ပါးစရာမလိုပါဘူး။ ကိုယ်က ခရီးတွေသွားဖို့ဆိုရင်တော့ ပေါ့ပါးတာကို ဦးစားပေးရမယ့်အပြင် အရွယ်အစားသေးတာတွေကိုလည်း ထည့်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ အရွယ်အစားသေးသေး ၊ ပေါ့ပေါ့ပါးပါးနဲ့ သယ်ရတာဝန်ကျဉ်းတဲ့ Tripod တွေ လိုအပ်ပါတယ်။ ကိုယ်က တောရိုင်းတိရိတ္ဆန်တွေနဲ့ ဌက်တွေရိုက်မှာဆိုရင်တော့ တောင့်တင်းခိုင်မာတဲ့ Tripod တွေအပြင် ဒီလိုအရာတွေကိုရိုက်တဲ့အခါ လွယ်ကူအဆင်ပြေစေမယ့် Tripod Head တွေကိုပါ ရွေးချယ်ပြီး ဝယ်ရတော့မှာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ခရီးသွားဓာတ်ပုံသမားနဲ့ ရှုမျှော်ခင်းရိုက်မယ့်သူတွေဆိုရင် Tripod က ပုံစံမျိုးစုံ ကိုယ်လိုချင်သလို ထောက်လို့ရရဲ့လား။ မညီညာတဲ့ မြေပြင်တွေ၊ ကျောက်တုံးတွေပေါ်မှာရော ညီညာအောင်၊ ခိုင်ခံအောင် ထောက်လို့ရရဲ့လား၊ နိမ့်ထောင့် Low Angel ကနေ ရိုက်မယ်ဆိုရင်ရော ထောက်လို့ရရဲ့လား စတာတွေကိုလည်း ထည့်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
၄။ Tripod အနိမ့်အမြင့်
Tripod ထောက်ပြီးတော့ သုံးတဲ့အခါ ရမယ့်အနိမ့်အမြင့်ကိုလည်း ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ်ကအရပ်မြင့်ပြီးတော့ Tripod က တိုနေရင် ကုန်းကုန်းကွကွနဲ့ ရိုက်နေရမှာ ဖြစ်သလို ကိုယ့်ရဲ့ Eye Level အမြင်ကိုလည်း ရိုက်လို့ရတော့မှာ မဟုတ်ပါဘူး။ ကိုယ်ကအရိပ်နိမ့်ပြီးတော့ Tripod က တအားမြင့်နေရင်လည်း မလိုအပ်ပြန်ပါဘူး။ ကင်မရာကို ကိုယ်က လက်လှမ်းမှီနေမှ ရိုက်ရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။ သေချာတာတခုကတော့ တိုနေတဲ့ Tripod တွေကို ထပ်မြင့်လာအောင် လုပ်လို့မရပါဘူး။ ရှည်နေတဲ့ Tripod ဆိုရင်တော့ ဆွဲမထုတ်ပဲ ကိုယ်နဲ့ကိုက်သလောက်ပဲ ထုတ်သုံးလို့ရပါတယ်။ တိုတဲ့ Tripod တွေထက် ရှည်တဲ့ Tripod က ပိုကောင်းပါတယ်။
Tripod မှာ အလယ်အူတိုင်ရော ပါရဲ့လား ၊ ပါတဲ့ အလယ်တူတိုင်က အပေါ်အောက် မြှင့်လို့ရယုံပဲလား၊ ဘေးကိုဆွဲထုတ်ပြီးတော့ရော အောက်ဘက်ကိုရိုက်ဖို့ ၊ Low Angle ရိုက်ဖို့ သုံးလို့ရရဲ့လား ဒါတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ကိုယ်က တချောင်းထောက် Monopod လည်း သုံးတတ်တယ်ဆိုရင်တော့ ကိုယ်ဝယ်မယ့် Tripod က Monopod အဖြစ်ရော ပြောင်းလို့ရရဲ့လားဆိုတာကို ထည့်စဉ်းစားရဦးမှာပါ။ နောက်ဆုံးစဉ်းစားရမယ့် အချက်တခုကတော့ Tripod ကို ခေါက်သိမ်းလိုက်ရင် အရွယ်အစားဘယ်လောက်ရှိသလဲဆိုတာပါပဲ။ ကျန်တာတွေအဆင်ပြေပေမယ့် ခေါက်သိမ်းလိုက်တဲ့အခါ ရှည်လွန်းနေပြန်ရင်လည်း အဆင်မပြေပါဘူး။ ခရီးသွားတဲ့အခါ သယ်ရပြုရတာ မလွယ်တော့ပါဘူး။ တော်တန်ယုံအိတ်တွေထဲ ထည့်လို့မရသလို၊ ဟိုနေရာထည့်မရ၊ ဒီနေရာမဆန့်ဆိုတာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ခရီးဝေးတွေသွားဖို့ဆိုရင် Tripod က ခေါက်သိမ်းလိုက်တဲ့အခါ ၂ပေ-၃ပေ ထက်တော့ ပိုမရှည်သင့်ပါဘူး။
၅။ Tripod Head နဲ့ Plate (ခေါင်းနဲ့ ဖလန်းပြားတွေ)
Tripod တွေကတင် အရေးကြီးတာမဟုတ်ပဲ Tripod Head တွေ ဖလန်းပြားလေးတွေကလည်း အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့ သုံးရတာ လွယ်ကူသက်သာအဆင်ပြေတဲ့ Ball Head တွေကိုပဲ အများစုက ဝယ်ကြပါတော့တယ်။ ဒါတွေပဲ ခေတ်စားလာပါတယ်။ Tripod Head မှာ ရေချိန်ပါရဲ့လား၊ မြင်ကွင်းကျယ် Panorama ရိုက်တတ်တဲ့သူဆိုရင် မြင်ကွင်းကျယ် Panorama ရိုက်လို့ရတဲ့ ခေါင်းဖြစ်ဖို့လိုပါတယ်။ ကိုယ်က ဓာတ်ပုံတွေကိုရော၊ Movie တွေရော ရိုက်တတ်တဲ့သူဆိုရင်တော့ Movie ရိုက်တဲ့အခါမှာ ပိုပြီးအထောက်အကူရမယ့် Tripod Head ကို ရွေးသင့်ပါတယ်။ အဓိကကတော့ လှည့်စရာခလုတ်တွေအများကြီးပါတဲ့ Tripod Head တွေက သုံးရတာ လက်ဝင်ပါတယ်။ အချိန်အများကြီး ပေးရပါတယ်။ လှည့်စရာခလုတ်နည်းနည်းနဲ့ ရိုးစင်းတဲ့ Tripod Head ကို ဦးစားပေး ရွေးချယ်ပါ။ ဓာတ်ပုံသမားစစ်စစ်ဆိုရင် ဘေးကိုကားထွတ်နေတဲ့ ခလုတ်တွေနဲ့ လက်ကိုင်တွေအများကြီးပါတဲ့ Tripod Head တွေကို ဝေးဝေးရှောင်ပါ။
နောက်တခုကတော့ ကင်မရာကို Tripod မှာ တပ်ဆင်တဲ့အခါ သုံးရတဲ့ ဖလန်းပြားလေးတွေပါပဲ။ ဒီနေ့ခေတ်မှာတော့ ဘယ်အမှတ်တံဆိပ် Tripod ကိုပဲ သုံးသုံး တပ်လို့ရတဲ့ Universal အရွယ်အစား သတ်မှတ်ချက်တခု ရှိနေပါပြီ။ Tripod အများစုကတော့ Universal သုံးလို့ရအောင် ဖလန်းပြားတွေကို ထုတ်ပေးနေကြပါပြီ။ ဒါပေမယ့် တချို့ Tripod တွေကတော့ ဖလန်းပြားတွေကို ကိုယ်ပိုင်သီးသန့်ပုံစံနဲ့ ထုတ်လုပ်နေကြတုန်းပဲ ဖြစ်ပါ တယ်။ ဒီလို Tripod မျိုးတွေကို အတတ်နိုင်ဆုံး မဝယ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ဖလန်းပြားလေးပျောက်သွားရင် ပြန်ဝယ်ဖို့ခက်သလို ဝယ်မရခဲ့ရင် အဲဒီ Tripod ကို သုံးလို့ရတော့မှာလည်း မဟုတ်တော့ပါဘူး။ နောက်တချက်ကတော့ ဒီနေ့ခေတ် Mirrorless ကင်မရာတွေမှာ လက်ကိုင်အဖြစ် ထပ်တပ်ရတဲ့အခါ အဲဒီလက်ကိုင်တွေမှာ ဖလန်းပြားတပ်စရာမလိုတော့ပဲ Tripod မှာ တိုက်ရိုက်တပ်လို့ရတဲ့ ပုံစံ လုပ်ပေးထားပါတယ်။ အဲဒါကလည်း Universal အရွယ်အစားဖြစ်ပါတယ်။ Unoversal ပုံစံဖြစ်နေတဲ့ Tripod တိုင်းမှာ တပ်သုံးလို့ရပါတယ်။
၆။ Carbonfiber လား ၊ အလူမီနီယံလား
ကိုယ်ဝယ်မယ့် Tripod က Carbonfiber နဲ့လုပ်ထားတာလား ၊ အလူမီနီယံနဲ့ လုပ်ထားတာလား ဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ်အချက် ဖြစ်ပါတယ်။ Carbonfiber နဲ့ လုပ်ထားတဲ့ Tripod တွေကတော့ ပေါ့ပါးပါတယ်။ အကြမ်းခံပြီး မှာကျောပါတယ်။ ကိုယ်က ခရီးဝေးတွေသွားရတယ်။ ခက်ခဲတဲ့ခရီးကြမ်းတွေ သွားရတယ်ဆိုရင် Tripod က ပေါ့ပါးဖို့လိုသလို၊ အကြမ်းခံဖို့၊ မာကျောဖို့လည်း လိုအပ်ပါတယ်။ ဒီလို ဓာတ်ပုံသမားတွေအတွက်က Carbonfiber Tripod က အကောင်းဆုံး ဖြစ်ပါတယ်။ Carbonfiber Tripod တချောင်းကို ပိုင်ဆိုင်ရဖို့ဆိုတာက ဓာတ်ပုံသမားတွေအတွက် အိမ်မက်လည်း ဖြစ်ပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဓာတ်ပုံရိုက်သက်တမ်း အနှစ် ၂၀ ကျော်မှာ Carbonfiber Tripod ကိုင်နိုင်ဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရသလို အခုချိန်အထိ ၂ ချောင်းပဲ ဝယ်လိုက်ရပါတယ်။ ဒီနေ့အထိ အကောင်းပကတိ သုံးနေရတုန်း ဖြစ်ပါတယ်။ ဒါတောင် ပထမတချောင်းက ပျောက်သွားလို့ဖြစ်ပါတယ်။ တော်တော်အကြမ်းခံပြီး ပျက်စီးဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သေချာတာတခုကတော့ Carbonfiber Tripod တွေက အလူမီနီယံ Tripod တွေထက်တော့ ဈေးပိုများကြပါတယ်။
အလူမီနီယံ Tripod တွေကတော့ အဖိုးနည်းဝန်ပါအနေနဲ့ အသုံးတည့်ပါတယ်။ ပေါ့ပါးပြီး အကြမ်းခံတဲ့နေရာ၊ မာကြောတဲ့နေရာတွေမှာတော့ Carbonfiber Tripod တွေကို မမှီပါဘူး။ ဒါပေမယ့် ဈေးကတော့ Carbonfiber Tripod တွေနဲ့ယှဉ်ရင် ထက်ဝက်နီးပါး သက်သာပါတယ်။ ခရီးသွားဖို့မဟုတ်ရင် ၊ ကြမ်းကြမ်းတမ်းတမ်း သုံးဖို့မဟုတ်ရင်တော့ အလူမီနီယံ Tripod တွေကိုလည်း ရွေးချယ်လို့ရပါတယ်။
၇။ အာမခံသက်တမ်း
အာမခံသက်တမ်း ဘယ်လောက်ပေးထားလည်း ဆိုတာကလည်း ထည့်စဉ်းစားရမယ့်အချက်တခု ဖြစ်ပါတယ်။ Tripod တွေက တော်တန်ယုံမပျက်စီးနိုင်ဘူးဆိုတာတော့ ဟုတ်ပါဘူး။ Tripod Head လို့ခေါ်တဲ့ ခေါင်းတွေကတော့ အချိန်ကြာလာရင် သုံးမရတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းတွေက ဘယ်လိုကျပ်ကျပ်မရတော့တာ၊ ကျပ်လွန်းပြီး ဖြုတ်မရတာမျိုးတွေတော့ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ အဖိုးတည်းဝန်ပါ Tripod Head က ပိုဖြစ်တတ်ကြပါတယ်။ အာမခံပါတဲ့ Tripod တွေကတော့ သက်တမ်းကုန်တဲ့အထိ ဒီလိုဖြစ်တယ်ဆိုတာ ရှားပါတယ်။ တကယ်လို့ တခုခုဖြစ်ခဲ့ရင်လည်း အာမခံပါတာမို့ ပြန်လဲပေးတာ၊ ပြန်ပြင်ပေးတာတွေ လုပ်ပေးမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ Tripod တွေကို တသက်တာ Life Time အာမခံပေးတာမျိုးလည်း ရှိပါတယ်။ အများစုကတော့ ၇ နှစ်ကနေ ၁၀ နှစ် သက်တမ်း အာမခံ ပေးကြပါတယ်။ အဖိုးနည်းဝန်ပါ Tripod တွေကတော့ အာမခံပါဖို့ မလွယ်ပါဘူး။ အာမခံပါတယ်ဆိုရင်လည်း တရားဝင် အရောင်းကိုယ်စားလှယ်ဆီက ဝယ်မှသာ အာမခံက စိတ်ချရမှာ၊ ပြောလို့ရမှာ ဖြစ်ပါတယ်။
***အတွေ့အကြုံတွေကို အခြေခံရေးခဲ့တာ ဖြစ်ပါတယ်။ လိုအပ်တာတွေကို ဖြည့်ပေးလို့ရသလို၊ အမြင်မတူတာတွေရှိရင်လည်း ဖြည့်ပေးလို့ရပါတယ်။။။။
ကျော်ကျော်ဝင်း (X-Photographer)
No comments:
Post a Comment
မင်္ဂလာပါ..