menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera ကို Pro တစ်ယောက်ကဲ့သို့ အသုံး ပြုနည်း


JPEG တွင် ပုံများပိုကောင်းစေလာရန်

RAW နဲ့ JPEG
JPEG နဲ့ ဓါတ်ပုံရိုက်တဲ့အခါမှာ ပုံတွေကို ပိုကောင်းမွန်လာစေရန် Setting ချနည်းဖြစ်တဲ့ Nikon မှာဆိုရင် Set Picture Control ၊ Canon မှာဆိုရင် Picture Style တွေ အကြောင်းကို ပြောရမယ်ဆိုရင် ကင်မရာတွေထဲမှာ ပါ၀င်တဲ့ File Format တွေဖြစ်တဲ့ JPEG နဲ့ RAW ဆိုတာကို အရင်လေ့လာဖို့ လိုပါမယ်။ ဘာတွေ ကွာခြားသလဲ ဆိုတာကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပုံတွေကို ရိုက်ယူတဲ့အခါမှာ အသုံးချရတဲ့ Set Picture Control ခေါ် Picture Style ဆိုတာက JPEG File အမျိုးအစားမှာပဲ သက်ရောက်မှု အထူးရှိလို့ပါပဲ။
Bridge , DSLR Level Camera တွေမှာ ပုံရိပ်တွေကို ဖမ်းယူပြီး ကင်မရာ မန်မိုရီကဒ်ထဲ သိမ်းဆည်းတဲ့အခါမှာ JPEG, RAW, RAW + JPEG လို့ ရွေးချယ်စရာတွေပါပါတယ်။ အချို့ကင်မရာတွေဆိုရင် TIFF တွေတောင်ပါ၀င်လာပါပြီ။

RAW ဆိုတာကတော့ Sensor က ဖမ်းယူလိုက်တဲ့ ပုံရိပ်တွေအားလုံးကို ကင်မရာမှန်ဘီလူူးကနေ မြင်လိုက်တဲ့အတိုင်း အကုန် ဖမ်းယူ သိမ်းဆည်းပေးမယ့် အသားစိမ်းသက်သက် အကြမ်းထည် ဖိုင်သက်သက်ပါ။ ဆိုလိုတာက အကြမ်းထည် ဖိုင်ဖြစ်နေတဲ့အတွက် Photoshop နဲ့ အသေးစိတ် ပြန်လည်ပြုပြင်ယူလိုသူ ဓါတ်ပုံသမားများအတွက် အသုံးတည့်ဆုံး ဖိုင်အမျိုးအစားဆိုလဲ မမှားပါဘူး။ အပြင်ခံနိုင်ရည်ကို သာမာန် JPEG နဲ့ ရိုက်ထားတဲ့ ပုံထက် ပိုပြီးလည်း အပြင်ခံပါတယ်။
သူ့ရဲ့ အားနည်းချက်က ဘာရှိပြန်လည်းဆိုတော့ ဖိုင်အရွယ်အစား ကြီးမားတာပါပဲ။ ကျနော့် ကင်မရာမှာ JPEG နဲ့ရိုက်ရင် ဖိုင်အရွယ်အစား 13.5MB ၀န်းကျင်ရှိပြီး RAW နဲ့ရိုက်ရင် 77MB ၀န်းကျင်ရှိပါတယ်။ ဒါကြောင့် မန်မိုရီအတွင်း နယ်ပယ်အရမ်းယူလွန်းလို့ မန်မိုရီကဒ် အလုံအလောက် မရမှာရယ်ကြောင့် ပုံအများကြီး ရိုက်ရမယ့်နေရာတွေ ခရီးထွက်တဲ့ အချိန်တွေမှာ အဆင်ပြေ ခဲပါတယ်။ ကဒ်ရဲ့ DATA ဖတ်ယူမှတ်သားမှု မြန်ဆန်နှုန်း Mbps များဖို့လည်း လိုလာပါပြီ။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာ RAW Converter Software (သို့) Photoshop CC 2017 နဲ့ အထက်မရှိရင်လည်း ကင်မရာမှာ ပုံမြင်ရပြီး ကွန်ပျူတာထဲမှာ ပုံမမြင်ရတာတွေလည်း ဖြစ်တတ်ပါတယ်။
JPEG ဆိုတာကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါ။ ဖိုင်အရွယ်အစား သင့်တင့်မျှတတယ်။ JPEG နဲ့ရိုက်ထားတဲ့ပုံဆိုရင် ကွန်ပျုတာသာမက ဟန်းဆက် တက်ပလက်တို့ကို တိုက်ရိုက် အချက်လက်ပြောင်းပြီး ကြည့်ရင်တောင်ရပါတယ်။ ဒါပေမယ့် RAW လောက်တော့ Photoshop နဲ့ အသေးစိတ် ပြန်ပြင်ယူဖို့ မကောင်းပါဘူး။ ခပ်ပါးပါးလောက်ပဲ ပြင်ဖို့ကောင်းပါတယ်။ ပြီးတော့ ကူးဆိုင်တွေအတွက် အသင့်တော်ဆုံး ဖိုင်အမျိုးအစားပါ။ (DSLR ကိုင်စသူတွေ တစ်ချို့မှာ RAW နဲ့ JPEG ကို ကွဲပြားအောင် မသိလို့ ကင်မရာ Setting ထဲမှာ RAW နဲ့ မတော်တဆ ရိုက်မိကြပြီး ကင်မရာမှာ ပြန်ကြည့်တော့ ပုံပေါ် ပေမယ့် ကွန်ပျူတာထဲ ထည့်ကြည့်တော့ ဖိုင်တွေပြီး ပုံမမြင်ရလို့ မန်မိုရီကဒ် ဗိုင်းရပ်စ် ထိပါပြီလို့ အလန့်တကြား ဖြစ်တဲ့ ကိစ္စတွေလည်း မကြာခဏပါပဲ။ )
တစ်ခုတော့ရှိတယ် ကင်မရာ ဆက်တင် (စပိ အပါချာ ISO) တစ်ခုထဲမှာပဲ နေရာမြင်ကွင်းတစ်ခုတည်းကို ကင်မရာ ဆက်တင်မှာ RAW နဲ့ တစ်ပုံရိုက်ကြည့်ပြီး နောက်တစ်ပုံကိုလဲ အလားတူ ကင်မရာ ဆက်တင် (စပိ အပါချာ ISO)နဲ့ JPEG နဲ့ ထပ်ရိုက်ပြီး ယှဉ်ကြည့်ပါ။ ဘယ်ပုံက ရုပ်ထွက် ပိုကောင်းမလဲ ထင်သလဲ။ ဟုတ်ကဲ့ JPEG နဲ့ ရိုက်ထားတာက ပိုပြီး အဆင်ပြေပါတယ်။ Nikon နဲ့ Canon မှာဆိုရင် Canon မှာ ပိုသိသာပါတယ်ဗျ။ ကဲ---- ဒါဆို RAW က မကောင်းဘူးလားတဲ့။ Photoshop နဲ့ အသေးစိတ် ပြန်ပြင်ယူရမယ့် ပုံတွေဆိုရင် RAW က အကောင်းလွန်ပါခင်ဗျလို့ပဲ ပြောရမှာပါ။
RAW နဲ့ JPEG ဘာကို ပိုသုံးသင့်သလဲ
ဟုတ်ပါပြီတဲ့ဗျာ--- အကောင်းလွန် RAW ဆိုတာကြီးကို နေရာတကာ အသုံးချမယ်ဆိုရင်ကော ဖြစ်လာတဲ့။ As Your Choice လို့ပဲ ပြောပါရစေ။ ဒါပေမယ့် ပြောပါရစေ Photoshop မသုံးတော့ပဲ ကင်မရာက တိုက်ရိုက် JPEG နဲ့ထွက်တာက RAW နဲ့ထွက်တာထက် ပိုသာတယ်။ Photoshop နဲ့မပြုမပြင်လိုချင်တာ ကင်မရာပေါ်ကနေ အားလုံးကို ထိန်းချူပ်ပြီး Photoshop လုံး၀မကိုင်ပဲ စွမ်းဆောင်တာကို လိုချင်တယ်ဆိုရင်တော့ JPEG နဲ့သာ ဆော်ပေတော့လို့ အကြမ်းဖျင်း ပြောရမယ်ဗျ။
ကိုယ်ရိုက်ရမှာက ဘာကိုလဲ ကိုယ်ကိုယ်တိုင်က Photoshop တက်ကျွမ်းနေပြီး အသေးစိတ် ပြန်ပြုပြင်ယူရမယ့် ပုံကြီးချဲ့ရမယ့် မော်ဒယ် အလှပုံတွေ၊ ရှုခင်းပုံတွေ Pre wedding စတဲ့ အရေးတကြီး ပုံတွေလား။ မဖြစ်မနေ အသေးစိတ် ပြင်ယူရမယ့် ပုံတွေလား။ အဲ့ဒါဆိုရင် မစဉ်းစားနဲ့ RAW နဲ့သာဆော်။
ကိုယ်ရိုက်ရမှာက တစ်ပုံ ငါးရာတစ်ထောင်လောက်နှုန်းနဲ့ ပုံအရေအတွက် နှစ်ရာသုံးရာ ရိုက်ရမယ့် မှတ်တမ်းပုံ၊ လိုင်စင်ပုံ၊ ပုံအရေအတွက်အများကြီးရိုက်ရမယ့် ရွာအလှူပုံလား။ အကြောင်းကြောင်းတွေကြောင့် ရိုက်ပြီးသားပုံတွေကို Photoshop နဲ့ ပြန်မပြင်ခွင့်ရတာမျိူး( ဥပမာ အလျှင်လိုလို့ အချိန်မရလို့ ပုံများလို့ ပြင်စရာမလိုလို့၊ မပြင်ကို မပြင်ချင်လို့)၊ ပြင်ဖို့ရာ အခက်အခဲတွေ ရှိလို့ စတာတွေဆိုရင်တော့ JPEG နဲ့သာ ကိုင်ပေတော့။ ရိုက်ပြီး ချက်ချင်းထုတ်ရမယ့် ပုံတွေကို RAW နဲ့ ရိုက်မယ်ဆိုရင်လည်း RAW အတိုင်း ကုူးဆိုင်တွေ တစ်ချို့က လက်မခံပါဘူး။ လက်ခံရင်လည်း သီးသန့် ၀န်ဆောင်ခ ထပ်ပေးရမှာပါ။ တစ်ချို့သော ဓါတ်ပုံဆရာကြီးတွေဆိုရင် Shutter Release နှိပ်ပြီးရင် ဖိုတိုရှော့ကြီးဆိုတာကို သုံးရမှာ ဓါတ်ပုံပညာထိခိုက်မှာ အရမ်း၀န်လေးလို့ JPEG နဲ့ချည့်ပဲ ရိုက်ပါတယ်။ ဖိုတိုရှော့နဲ့ လုံး၀မထိတွေ့စေရအောင်ကို ပညာမာန ထားပါတယ်။ (ဒီပညာမာနကလည်း သဘောကျစရာပါ။ သူတို့သဘောက Photoshop ဆိုတာကြီးကို အားကိုးလွန်းအားကြီးရင် ဓါတ်ပုံပညာဘက်မှာ အားနည်းသွားမှာကို စိုးရိမ်ပေးတာလဲပါတယ်)
Set Picture Control (or) Picture Style ဆိုသည်မှာ
ဒီမှာ အဓိကပြောချင်တဲ့ အပိုင်းလာပါပြီ။ ပြောချင်တာက ဒါကိုပြောဖို့ကို RAW တွေ JPEG တွေနဲ့ အစချီနေရတာဗျာ။
JPEG ဆိုတာက ဓါတ်ပုံသမားတိုင်း မဖြစ်မနေ သုံးရတဲ့ ဖိုင်အမျိုးအစားပါပဲ။ ကူးဆိုင်သွားပြီးပဲ ကူးကူး၊ လူမှုကွန်ရက်ပဲတင်တင် ဟန်းဆက်၊ ကွန်ပျူတာ၊ တက်ပလက်မှာပဲထည့်ထည့် Final မှာ မဖြစ်မနေလုပ်ရတဲ့ ဖိုင်အမျိူးအစားပါ။ DSLR ကင်မရာတွေက နေပြီး JPEG နဲ့ တိုက်ရိုက် ရိုက်ကူးတဲ့အခါမှာ မိမိရိုက်ကူးတဲ့ ပုံတွေကို ပိုကောင်းအောင်လုပ်ပေးတဲ့ Feature ပါ။ Nikon မှာ Set Picture Control လို့ခေါ်ပြီး Canon မှာတော့ Picture Style လို့ သုံးထားပါတယ်။ လုပ်ဆောင်မှုကတော့ အတူတူပါပဲ။ ကင်မရာသမား အများစုက ဒါကိုကျော်ခွသွားကြတယ်ဗျ။ အများစုက ဒီ Feature ကို မသိကြပေမယ့်လည်း ထိတွေ့မှု ရှိကြပါတယ်။ အတွင်းကျကျ မထိတွေ့မိတာပဲ ရှိပါတယ်။ မယုံဘူးလား ခင်များ DSLR Camera Menu က Set Picture Control (or) Picture Style ကို အခုပဲဖွင့်ကြည့်လိုက်ပါ။ Defaults ဖြစ်တဲ့ Standard မှာ ရှိနေရမယ်။
Set Picture Control (or) Picture Style ဆိုတာက DSLR Camera Mode တွေထဲက အော်တိုစနစ်တွေမှာ အလုပ်မလုပ်ပါဘူး။ P,S,A,M (or) P, Tv, Av, M စတဲ့ Camera Mode တွေမှာ အလုပ်လုပ်ပါတယ်။
ဒီ Set Picture Control (or) Picture Style စနစ်ထဲကို ၀င်ကြည့်မယ်ဆိုရင် ဘာလာလာ အကုန်ဒေါင်းတဲ့ Defaults ဖြစ်တဲ့ Standard , သဘာ၀အမြင်အတိုင်းရမယ့် ကြားနေအရောင်များရမယ့် Neutral , လူအလှပုံ ရိုက်တဲ့ Portrait, ရှုခင်းပုံတွေရိုက်တဲ့ Landscape, ပန်းပွင့် အဆောက်အဦး လက်၀တ်ရတနာ ပရိဘောဂ စတာတွေကို ရိုက်တဲ့ ရှိရင်းစွဲ ကာလာတွေထက် ပိုပြီးတောက်ပစေတဲ့ VIVID အဖြူအမဲ Sepia လို One Color ရိုက်ရတဲ့ Monochrome စတာတွေ ထပ်ပြီးပါပါ၀င်ပါသေးတယ်။
အဲ့တာလေးတွေကို သူ့နေရာနဲ့သူ ထားပြီး ရိုက်တာနဲ့ကို အခြေအနေတူ အနေအထားတူမှာပဲ ပုံတစ်ပုံတည်းကို Speed, Aperture, ISO အတူတူနဲ့ပဲကို ထားပြီး Set Picture Control (or) Picture Style ကို ပြောင်းလဲ ရိုက်ကြည့်ပါ မတူပဲ သူ့အနေအထားနဲ့ သူပဲ ပိုကောင်းနေတာကို တွေ့ပါလိမ့်မယ်။ စောစောက အပိုဒ်မှာပါတဲ့အတိုင်း သူ့နေရာနဲ့သူရိုက်ကြည့်ပါ။
Set Picture Control (or) Picture Style က ပေးထားတဲ့ Feature တွေထဲက တစ်ခုကို (ဥပမာ Portrait ထဲ ထပ်၀င်ကြည့်ပါ ပြတ်သားမှုဖြစ်တဲ့ Shaping မှာ Defaults ဖြစ်တဲ့ Standard ထက်ကို လျှော့ချထားပေးထားတာ တွေ့ရပြီး Landscape မှာ Defaults ဖြစ်တဲ့ Standard ထက် Shaping မှာ ပိုတင်ပေးထားတာကိုတွေ့ရပါမယ်) ဒါကြောင့်လဲ လူပုံ ရိုက်တဲ့အခါမှာ Portrait မှာ ထားပြီး ရိုက်ကြည့်ပါ။ Standard နဲ့ ရိုက်တာထက် အသားအရည် ပြေပြစ်ချောမွေ့နေတာကို တွေ့ရမှာဖြစ်ပြီး လူပုံရိုက်တဲ့အခါမှာ Landscape နဲ့ရိုက်မယ်ဆိုရင် Shaping တွေ ပိုများလာပြီး အရိုက်ခံ မော်ဒယ် ပိုပြီး အိုဇာရုပ် ပေါက်သွားသလို ကာလာတွေလဲ ပိုတောက်လာမှာ ဖြစ်ပါတယ်။ ဒါကိုမှ VIVID နဲ့ ထပ်ရိုက်မယ်ဆိုရင် ကာလာတွေက ကန်ထွက်လာအောင် တောက်လာမှာပါ။ ဘယ်လိုပုံလဲဆိုတော့ ဥပမာ ပြောရရင် ကော်ပတ်ရုပ်ကို မိတ်ကပ်ထူထူ လိမ်းပေးထားတဲ့ ရုပ်မျိုးပေါ့။
အဲ့လိုပါပဲ ရှုခင်း ရိုက်တဲ့အခါ Landscape ဆိုတာက်ို မသုံးပဲနဲ့ုဖြစ်ဖြစ် ပန်းပွင့်ရိုက်တဲ့အခါ၊ ပရိဘောဂပစ္စည်းတွေ သက်သက်ရိုက်တဲ့အခါ VIVID ကို မသုံးပဲ Portrait နဲ့ ရိုက်မယ်ဆိုရင် ပြတ်သားမှု ကျဆင်းသလို ကာလာကလည်း မူရင်းထက် ဖျော့တော့ နေမှာပါ။ အခုပြောတဲ့ Set Picture Control (or) Picture Style ထဲက Feature တွေဆိုတာက ကင်မရာထဲမှာ အသင့်ပါပြီးသား လုပ်ဆောင်မှု သက်သက်သာ ဖြစ်ပါတယ်။ မိမိသက်ဆိုင်ရာ Feature ထဲ Style ထဲ ထပ်၀င်ပြီးလည်း မိမိစိတ်ကြိုက် Clarity , Sharping, Contrast, Brightness, Saturation, Hue စတာတွေကို မိမိစိတ်ကြိုက် ထပ်ပြီး အတိုးအလျှော့ လုပ်နိုင်ပါသေးတယ်။
Clarity , Sharping ကတော့ ပြတ်သားကြည်လင်မှုနဲ့ သက်ဆိုင်ပါတယ်။ အသားအရည် နုချင်လား လျှော့၊ ကြမ်းချင်လား တင်၊ Contrast ကတော့ အရိုက်ခံ အရာ၀တ္တုတွေ ကွဲပြားခြားနားမှု၊ Brightness ကတော့ ပုံရိပ်တောက်ပမှု ဖြစ်ပြီး Saturation, Hue ကာလာအရောင် အသွေး စိုရွှမ်းမှုတွေပါပဲ
ကျနော့်အနေနဲ့ လူအလှပုံရိုက်ရင် Portrait မှာ Clarity , Sharping မှာ အနည်းပိုလျှော့၊ အသားမဲ /ညို အသားဖြူသူ တွဲရိုက်ရင် Contrast ကိုပါ လျှော့ပြီး ရိုက်ပါတယ်။ ဒါပေမယ့် အဖိုးအိုကြီးတွေ အိုမင်းရင့်ရော်မှုကို လိုချင်လာပြီဆိုရင်တော့ Portrait မှာ Clarity , Sharping, Contrast စတာတွေ ပုံမှန်ထက် တင်ပြီး ရိုက်တာကို ပိုပြီး အရသာတွေ့ပါတယ်။
အခု ကျနော်ပြောတဲ့ Set Picture Control (or) Picture Style ဆိုတာ ကင်မရာ စတင်ကိုင်တဲ့ သူတွေအတွက် ကျနော့်အရေးအသား ညံ့ဖျင်းမှုကြောင့် နည်းနည်း မျက်စိရှုပ်စရာ ဖြစ်နေပေမယ့် အခုပဲ ကင်မရာ Power ဖွင့် Memory Card ထည့်ပြီး လက်တွေ့လုပ်ကြည့်မယ် တစ်ပုံနဲ့ တစ်ပုံ ရိုက်ပြီး ယှဉ်ကြည့်မယ် စမ်းသပ်ကြည့်မယ်ဆိုရင်တော့ ပိုပြီး လွယ်ပါတယ်ဗျာ။ စာထဲက သကြားနဲ့ အပြင်က သကြား ဘယ်ဟာ ပိုချိုသလဲဆိုတာ လက်တွေ့ စမ်းသပ်ကြည့်ဖို့ကတော့ ဝါသနာရှင်တွေရဲ့ တာ၀န်ပါ။
Credit : ကျော်ဇေယျ

No comments:

Post a Comment

မင်္ဂလာပါ..