menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Intel CPU တို့ရဲ့စွမ်းရည်


Intel CPU  တို့ရဲ့စွမ်းရည်

++++++++


အက်ဒမင်တို့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။


⚙️ ၁။ Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ ဈေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။


⚙️ ၂။ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။


🎆 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့  ဆယ်လီရွန် (Celeron) စီးရီး


🎆 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊


🎆 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။


🎆 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။



🎆 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့နဲ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။


(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)


(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)


⚙️ ၃။ နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။


⚙️ ၄။ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။

အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။


🎆 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)


🎆 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)


🎆 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)


🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ရတတ်ပါတယ်။ အပြင်ဈေးကွက်မှာ တွေ့ရလေ့မရှိပါ။) (i3-7100T)


🎆 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)


⚙️ ၅။ ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linus) နဲ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့်ကို ပါကင်ထုပ်တယ်ဆိုပါစို့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့အစားထိုးလိုက်ရင် မုန့်သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)


⚙️ ၆။ ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဈေးလည်းအကြီးဆုံးဖြစ်မှာပါ။


ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို ဈေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။  ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။


🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။


🎆 ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။


🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။


🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။


⚙️ ၇။ CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ ဈေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊  ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ရွေးချယ်မှုတို့ကွာခြားနိုင်ပါတယ်။


စာဖတ်သူတို့လည်း လိုအပ်ချက်နဲ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။


-----


✨ မြန်မာ ကွန်ပျူတာဈေးကွက်ထဲမှာ အတွေ့များတဲ့ CPU အချို့ရဲ့စွမ်းဆောင်ရည်အမှတ်တွေကို ဖော်ပြပေးထားပါတယ်။ (Benchmark အမှတ်တွေက တစ်ကယ်အသုံးပြုရတဲ့ အတွေ့အကြုံတိုင်းကို ကိုယ်စားမပြုနိုင်ဘူးဆိုပေမယ့် အလွယ်ကူဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်ပါတယ်။)




Celeron (Notebook)

N3060 (2016) – 997
N3350 (2016) – 1129
N4000 (2018) – 1542

---

Celeron (Desktop)

J3060 (2016) – 985
J4050 (2018) – 1566
G3930 (2018) – 3050

---

Pentium (Notebook)

N3700 (2015) – 1843
N4200 (2016) – 2033
N5000 (2018) – 2807

---

Pentium (Desktop)

G4400 (2015) – 3571
G4560 (2016) – 4889
G5500 (2018) – 5137

---

Core i3 (Notebook)

i3 6100u (2015) – 3582
i3 7100u (2016) – 3830
i3 8130u (2018) – 5353

---

Core i3 (Desktop)

i3 6100 (2015) – 5493
i3 7100 (2017) – 5790
i3 8130 (2017) – 8050

---

Core i5 (Notebook)

i5 6200u (2015) – 4014
i5 7200u (2016) – 4641
i5 8250u (2017) – 7649

---

Core i5 (Desktop)

i5 6400 (2015) – 6760
i5 7400 (2017) – 7392
i5 8400 (2017) – 11780

---

Core i7 (Notebook)

i7 6500u (2015) – 4433
i7 7500u (2016) – 5196
i7 8550u (2017) – 8336
i7 6700HQ (2015) – 8140
i7 7700HQ (2016) – 8861

---

Core i7 (Desktop)

i7 6500K (2015) – 11113
i7 7500K (2016) – 12060
i7 8550K (2017) – 16031
i7 6500 (2015) – 10012
i7 7500 (2016) – 100782
i7 8550 (2017) – 15294

---

Core i9 (Desktop)

i9 8950HK (2018) - 14812

---

Core m (Notebook)

m3-6Y30 (2015) – 3051
m5-6Y64 (2015) – 3359
m3-7Y30 (2016) – 3555

---

ကိုယ်ရဲ့ CPU တွေရဲ့ Benchmark အမှတ်ကိုသိချင်ရင် ဖြစ်ဖြစ်၊ အခြား CPU နဲ့ စွမ်းဆောင်ရည်နှိုင်းယှဉ်ချင်ရင်ဖြစ်ဖြစ် Google မှာရှာဖွေနိုင်ပါတယ်။

(ဥပမာ Intel i5 6200u vs 7200u လို့ ရှာလို့ ရပါတယ်။)

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့ တူတူ ဆက်လက်သင်ယူကြပါစို့ ။

 Credit - Techy_M
                 Tech_tips

(Benchmark Credit: https://www.cpubenchmark.net/cpu_list.php)

No comments:

Post a Comment

မင်္ဂလာပါ..