menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

လီကွမ်ယု


လီကွမ်ယု

စင်ကာပူနိုင်ငံ ချမ်းသာသောနိုင်ငံဖြစ်အောင် ဦးစီးဆောင်ရွက်ခဲ့သော လီကွမ်ယု-သည် လီမျိုးနွယ်ဝင်ဟတ်ကာတရုတ်လူမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၁၉၂၃-ခုနှစ် စက်တင်ဘာလ ၁၆-ရက်နေ့တွင် စင်ကာပူ၌ မွေးဖွားခဲ့သည်။ 

လီကွမ်ယု၏ ဘိုးဘွားများသည် ၁၉-ရာစုနှောင်းပိုင်းမှစ၍ စင်ကာပူနိုင်ငံ၌
စတင်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ ဆင်းသက်လာခဲ့သော လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော စာသင်ကျောင်းများသို့
တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင် အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် မိဘများ၏ ကြပ်မတ်မှုကြောင့်
၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး စင်ကာပူတွင် နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ လီကွမ်ယုသည် ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့် စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် ၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ် အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ ပထမစွဲ၍ အောင်မြင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။ ဂျပန်ခေတ်တွင်
တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက် ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။
၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ် အလုပ်ရခဲ့သည်။

လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ မုန့်ပဲသရေစာရောင်းသူ စသည့် ကြုံရာအလုပ်များဖြင့်လည်း ဝမ်းရေးကို တဖက်က ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု ရှာဖွေစုဆောင်း ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့် ကိုလိုနီဝါဒ ကျင့်သုံးမှုများကို ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်အတွက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလည်း ကိန်းအောင်းလာခဲ့သည်။

၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်) ချူးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့် ပညာသင်ခဲ့စဉ်အတွင်း ဘဝတူလက်ဝဲယိမ်း စင်ကာပူ-မလေး ကျောင်းသားများနှင့် ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို ခံခဲ့ရသည်။

၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ဝတ်လုံအဖြစ် ဆောင်ရွက်လျက် တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် ပိုမိုတိုးချဲ့လာသည့် ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။

၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ ဖြစ်လာသည်။ လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု သြဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာ လီကွမ်ယုသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင် ကြိုးစားခဲ့သည်။

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး စတုရန်းမိုင် ၁၇၃-မိုင် ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု ၁၉၅၉-စင်ကာပူဒေသ၌ ဝန်ကြီးချုပ် ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင် အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့် အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် အဓိကရုဏ်များ၊ PAP ပါတီမှာ ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊ ဘဏ္ဍာရေးလိုငွေများပြားမှု စသည့် စီးပွားရေးပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌ လီကွမ်ယုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့်စားဝတ်နေရေး အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖန်တီးသကဲ့သို့ ပြည်သူများ စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ အများသုံးအိမ်သာတွင် သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင် အသန့်ရှင်းဆုံးနှင့် စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။ မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင် ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ဝန်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန် စည်းကမ်းတင်းကျပ် ထားသကဲ့သို့ လာဘ်စားဖို့မလိုအောင်လည်း လုပ်ခလစာများ လုံလုံလောက်လောက် ပေးထားသည်။ ဝန်ကြီးချုပ် လီကွမ်ယု၏ လစာမှာ အမေရိကန်သမ္မတ၏ လစာထက်ပင် များသည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာနိုင်ငံရေးတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင် ၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP ပါတီကသာ အာဏာရရှိနေသည်။ နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကို အထူးအလေးထားသည်။ ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများတွင် စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ဝန်ကြီးချုပ်ဟောင်း ဝါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊ စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက အရေးပါသောအကြောင်းရင်း တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။

ကိုးကား

ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)

No comments:

Post a Comment

မင်္ဂလာပါ..