menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Albert Einstein - အိုင်းစတိုင်း


မွေးသက္ကရာဇ် ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့ ဂျာမနီနိုင်ငံ အမ်းမြို့ ငယ်အမည် Albert Einstein အလုပ်အကိုင် သိပ္ပံပညာရှင် ဆောင်ရွက်ချက်များ ရီလေတီဗတီ သီအိုရီ (Relativity Theory) ကျော်ကြားခဲ့သော သီအိုရီ E=mc2 အိုင်းစတိုင်း (Albert Einstein) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က ဖွားမြင်ခဲ့ပါသည်။ 

သူ၏ မိဘများသည် ရေဝတီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြပါသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္တဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။ ငယ်ဘဝ အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမကစကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ 

မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက်(၁၀)နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။ အိုင်းစတိုင်းနှင့် သင်္ချာ သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာနှင့် ဂျီသြမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့သြလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။ ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ 

အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် (၁၅)နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။ အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ(ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်ပြင်ဆင်ဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ် ပြင်ဆင်ခဲ့လေသည်။ သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် သြဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း သြစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။ လုပ်ငန်းခွင် ဝင်ခြင်း ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။ Relativity Theory အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးတွေရဲ့ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory)ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ရေဝတီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။ 

 သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီသည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။ ၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် သြစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကျည်းနေသော ချက်လူမျိုးများနှင့် ရေဝတီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ရေဝတီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။ ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ 

သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။ ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျ ရီလေတီဗတီ သီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။ ၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။ သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ 

သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး(သို့)အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။ ခေါင်းထဲများများစားစား မရှိတဲ့သူဟာ အဝတ်အစားကောင်းကောင်းဝတ်ပြီး ပြန်ထရတယ်။ အထက်ပါစကားစုကို ပြောကြားခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) ပင် ဖြစ်ပါသည်။ အိုင်စတိုင်း၏ စကားကို ပြောင်းပြန် ပြန်၍ စဉ်းစာကြည့်မည်ဆိုပါက ခေါင်းထဲ များများစားစားရှိသူ (ပညာရှိသူ) သည် အဝတ်အစားကောင်းကောင်းကို ဂရုမစိုက်ဟု ဆိုလိုရာရောက်ပါသည်။ မှန်ပါသည်။ ၂၀-ရာစုခေတ်၏ဉာဏ်ပညာအကြီးဆုံးသူဟု သတ်မှတ်ခံထားရသူ အိုင်စတိုင်းသည် သူ့စကားအတိုင်း အဝတ်အစား ဂုဏ်ပကာသနကို မမက်မောဘဲ ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့သူပင် ဖြစ်ပါသည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ဆံပင်စုတ်ဖွားနှင့် တွေ့ရပါမည်။ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ခြင်း မရှိသောကြောင့် ညှင်းသိုးသိုးအသွင်ကို တွေ့မြင်ရပါသည်။ ခန္ဓာကိုမှာလည်း ပုပုသေးသေး ဖြစ်ရကား အထင်ကြီးစရာ တစက်မှ မရှိပါချေ။ တခါသော် ဘယ်လ်ဂျီယံ ဘုရင်မကြီးသည် အိုင်စတိုင်းအား အထူးဧည့်သည်တော်အဖြစ် သူ့တိုင်းပြည်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောနေ့တွင် ဇိမ်ခံကားကြီးနှင့် အတူ ကြိုဆိုရေး အဖွဲ့ကို ဘူတာရုံသို့ စေလွှတ်လိုက်ပါသည်။ ရထားဆိုက်ရောက်သောအခါ ကြိုဆိုရေးအဖွဲ့ဝင်များသည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအား သဲကြီးမဲကြီး ရှာဖွေကြပါသည်။ သူတို့သည် အိုင်စတိုင်းကို မတွေ့ကြပါ။ ထိုအချိန်တွင် အိုင်စတိုင်းသည် အဝတ်အစား ခပ်နွမ်းနွမ်းကိုဝတ်ကာ သူ၏လက်ဆွဲသေတ္တာနှင့် တယောအိတ်လေးကို ဆွဲရင်း လမ်းလျှောက်သွားနေပါသည်။ နန်းတော်ကို လမ်းလျှောက်လာသော အိုင်းစတိုင်းကို ဘုရင်မကြီးက-ဘာကြောင့် ကားဖြင့်မလာဘဲ လမ်းလျှောက်လာရပါသနည်း-ဟုမေးမြန်းသောအခါ အိုင်စတိုင်းက လမ်းလျှောက်တာပဲ ကောင်းပါတယ် ဘုရင်မကြီး-ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ အိုင်စတိုင်းသည် သူ့ဘဝတလျှောက်တွင် လန်ချား ဘယ်အခါမျှ မစီးခဲ့ချေ။ လူကို လူက စီးရသောလန်ချားကို မစီးလိုဟု အမြဲ ငြင်းပယ်ခဲ့လေသည်။ ဤသို့ အနေအထိုင် ရိုးသား၍ အတွေးအခေါ် ခေတ်မီသော အိုင်စတိုင်း၏ဘဝမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ အိုင်စတိုင်းအား ၁၈၇၉-ခု မတ်လ ၁၄-ရက်နေ့တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ၈၇-မိုင် ကွာဝေးသော အမ်း (Uim) မြို့တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင် ဟာမင်အိုင်စတိုင်းသည် လျှပ်စစ်ပစ္စည်းများကို ရောင်းချသောအလုပ်ဖြင့် အသက်မွေးပါသည်။ မိခင်မှာ ပေါ်လင်းအိုင်စတိုင်း ဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ ဂျူးလူမျိုးများ ဖြစ်ကြပါသည်။ အိုင်စတိုင်းလေးသည် အသက် ၃-နှစ်သား ရောက်သည်အထိ စကားမပြောတတ်သေးချေ။ ထို့ကြောင့် မိဘတို့မှာ ဆွံ့အနားမကြား ဖြစ်မည်ကိုပင် စိုးရိမ်ခဲ့ရလေသည်။ ကျောင်းနေအရွယ် ရောက်ပြန်သောအခါ အိုင်စတိုင်းသည် အလွန်စာညံ့လေသည်။ ကျောင်းတွင်အညံ့ဆုံး ကျောင်းသားတယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ အိုင်စတိုင်း၏ ပထမဆုံးသော သိပ္ပံအတွေ့အကြုံမှာ အသက် ၅-နှစ်အရွယ်တွင် စတင်ခဲ့ပါသည်။ သူ့ဖခင်သည် ၅-နှစ်သားအရွယ် အိုင်စတိုင်းလေးကို သံလိုက်အိမ်မြှောင်တခု ဝယ်ပေးခဲ့ပါသည်။ အိုင်စတိုင်းသည် ယင်းပစ္စည်းအကြောင်းကို မေးလိုက်သည်မှာ မဆုံးတော့ချေ။ သံလိုက်ဓာတ်အကြောင်းနှင့် ကမ္ဘာ့ဆွဲအားအကြောင်းကို အိုင်စတိုင်း အလွန်စိတ်ဝင်စား သွားပါသည်။ ထိုအချိန်မှစ၍ သိပ္ပံကျမ်းများ လေ့လာဖတ်ရှုပါတော့သည်။ အသက် ၁၀-နှစ်တွင် အိုင်စတိုင်းသည် မြူးနစ်မြို့ရှိ တက္ကသိုလ်ဝင်တန်းကျောင်းတွင်တက်ရောက်ပညာသင်ကြား ခဲ့ပါသည်။ ထိုကျောင်းတွင် အိုင်စတိုင်းသည် လက်တင်ဘာသာ၊ ဂရိဘာသာနှင့် သမိုင်းဘာသာတို့တွင် အမှတ်နည်းသလောက် သင်္ချာဘာသာတွင်မူ ထူးချွန်ခဲ့လေသည်။ 

 အသက် ၁၆-နှစ်တွင် အိုင်စတိုင်းသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ စက်မှုလက်မှုတက္ကသိုလ်တွင် ဝင်ခွင့်ဖြေဆိုခဲ့ပါသည်။ ဝင်ခွင့်စာမေးပွဲ ကျရှုံးသဖြင့် အခြားတက္ကသိုလ်တခုသို့ ပြောင်းရွှေ့ဖြေဆိုမှသာ အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အိုင်စတိုင်းသည် ရုံးတရုံတွင် စာရေးအလုပ် ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေးကို ဖြေရှင်းခဲ့ရပါသည်။ ရုံးအလုပ်ပြီးသော အချိန်တွင်မူ သူဝါသနာပါသော ရူပဗေဒပညာကို လေ့လာလိုက်စားခဲ့ပါသည်။ ထို့ကြောင့် အသက် ၂၆-နှစ်တွင် အိုင်စတိုင်းသည် အလွန်ထင်ရှားသော စာတမ်းကြီး ၅-စောင်ကို တင်သွင်းနိုင်ခဲ့ပါသည်။ ပထမစာတမ်းမှာ မော်လီကျူးတို့၏ အရွယ်အစားတိုင်းတာခြင်း သဘောတရားစာတမ်းဖြစ်ပြီး ထိုစာတမ်းကြောင့် အိုင်စတိုင်းသည် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ဒုတိယစာတမ်းမှာ အလင်းလျှပ်စစ် သဘောတရား (Photoelectric effect)အကြောင်းဖြစ်ပြီး ထိုစာတမ်းကြောင့်ပင် အိုင်စတိုင်းသည် ၁၉၂၁-ခုအတွက် ရူပဗေဒ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ တတိယစာတမ်းမှာ ဘရောင်းရွေ့လျားမှု သီအိုရီ (Theory of Brownian motion) ဖြစ်ပြီး မော်လီကျူးတို့၏ အလေးချိန်ကို လက်တွေ့တိုင်းတာပြခဲ့ပါသည်။ ၁၉၀၅-ခုတွင် အိုင်စတိုင်းသည် စတုတ္ထစာတမ်းအဖြစ် နှိုင်းရသီအိုရီ (Relativity Theory) ကို တင်ပြခဲ့ပါသည်။ ထိုသီအိုရီသည် သိပ္ပံလောကတခုလုံးကို ကိုင်လှုပ်နိုင်လောက်အောင် ကျော်ကြားပြီး လေးစားစေသော သီအိုရီပင် ဖြစ်ပါသည်။ သူ၏ သီအိုရီအရ အရာဝတ္ထုတခုကို တိုင်းတာရာ၌ အလျား၊ အနံ၊ အမြင့်တို့ကိုသာမက အချိန်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ သို့သော် ၎င်းအရာများ အားလုံးမှာ အနှိုင်းသဘောသာဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့ပါသည်။ တဖန် ၁၉၁၅-ခုတွင် အိုင်စတိုင်းသည် အထူးနှိုင်းရ သီအိုရီ (Special Relativity Theory) ကို ထပ်မံတင်ပြ လိုက်ပြန်ပါသည်။ ထိုသီအိုရီအရ ဒြပ်နှင့်စွမ်းအင်သည် အတူတူပင်ဖြစ်ပြီး ဒြပ်တို့ကို ဖြိုခွဲပါက ကြီးမားသော စွမ်းအင်ရနိုင်ကြောင်းကို E=me 2 ညီမျှခြင်းဖြင့် ရှင်းပြနိုင်ခဲ့ပါသည်။ ထိုသီအိုရီသည် အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် အခြေခံအချက်အလက်များကို မွေးဖွားပေးလိုက်သော သီအိုရီပင် ဖြစ်ပါသည်။ ထို့ပြင် အိုင်စတိုင်းသည် ကမ္ဘာ့ဆွဲအားအတွင်း ဝင်ရောက်လာသော အလင်းသည် ကမ္ဘာ့ဆွဲအားကြောင့် ကောက်ကွေးသွားရမည်ဟု တင်ပြခဲ့သည်။ သူ့အယူအဆကိုလည်း ကိန်းဂဏန်းအတိအကျဖြင့် တွက်ပြခဲ့ပါသည်။ ၁၉၁၄-ခုတွင် ရုရှနိုင်ငံ၌ နေကြတ်သောအခါ ဂျာမနီမှ သိပ္ပံပညာရှင်များသည် ရုရှသို့သွားရောက်ပြီး အိုင်စတိုင်း ဟောကိန်း မှန်မမှန် စမ်းသပ်ရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် ပထမကမ္ဘာစစ်ဖြစ်လာ၍ ထိုအကြံ မအောင်မြင်ခဲ့ပါ။ စစ်ကြီးအပြီး ၁၉၁၉-တွင် အင်္ဂလိပ်ရူပဗေဒ ပညာရှင်များသည် နေကြတ်သော အနောက်အာဖရိကသို့ သွားရောက်ပြီး လက်တွေ့စူးစမ်းခဲ့ကြပါသည်။ ထိုအခါ သူတို့သည် အိုင်စတိုင်း ခန့်မှန်းသည့်အတိုင်း အလင်းရောင် တကယ်ကွေ့သွားသည်ကို တွေ့မြင်ခဲ့ကြပါသည်။ 

ထိုအလင်းကွေ့နှုန်းမှာလည်း အိုင်စတိုင်း ကြိုတင်တွက်ပြထားသည့်နှုန်းပင်ဖြစ်ကြောင်း တအံ့တသြ တွေ့ရှိခဲ့ကြပါသည်။ ထိုအချိန်တွင် အိုင်စတိုင်း၏ အမည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ ၁၉၁၀-တွင် အိုင်စတိုင်းသည် ဂျာမန်တက္ကသိုလ် တခုတွင် ပါမောက္ခရာထူးကို ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၁၂-တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အကယ်ဒမီကျောင်းတွင် အချိန်ပြည့် ပါမောက္ခရာထူးကိုလည်းကောင်း၊ ၁၉၁၄-တွင် ပရပ်ရှင်း သိပ္ပံအကယ်ဒမီတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပထမကမ္ဘာစစ်ပြီးနောက် သိပ်မကြာခင်မှာပင် ဂျာမနီ၌ ဟစ်တလာ အာဏာရလာလေသည်။ ဟစ်တလာ၏ ဝါဒမှာ ဂျူးမုန်းတီးရေးဖြစ်ရကား ဂျူးလူမျိုးဖြစ်သော အိုင်စတိုင်းသည် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ ပါသည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ ကမ္ဘာ့လူသားအများစုသည် ဟစ်တလာ၏လက်ထဲ အဏုမြုဗုံး ထုတ်လုပ်သည့် နည်းပညာများ ရောက်သွားမည်ကို စိုးရိမ်လာကြသည်။ ထို့ကြောင့် အိုင်စတိုင်းသည် အမေရိကန်သမ္မတ ရုစဗဲ့ ထံသို့ ဂျာမန်တို့ထက်အရင် အဏုမြူဗုံး ပြုလုပ်သင့်ကြောင်း စာရေးသားတိုက်တွန်း ခဲ့ရပါသည်။ အိုင်စတိုင်း၏ စာကြောင့်ပင် မန်ဟက်တန် စီမံကိန်း ပေါ်ပေါက်လာပြီး အမေရိကန်တို့ အဏုမြူဗုံး ထုတ်လုပ်ကာ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။ စစ်ကြီးပြီးသောအခါ အိုင်စတိုင်းသည် သိပ္ပံပညာရှင်တယောက်၏ ဘဝထက် ငြိမ်းချမ်းရေးသမားတယောက် အဖြစ် ပိုမိုထင်ရှားလာပါသည်။ လက်နက်ဖျက်သိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ ဂျူးလူမျိုးတို့ စုဝေးနေထိုင်သော အစ္စရေးနိုင်ငံ ပေါ်ပေါက်လာသောအခါ အိုင်စတိုင်းအား သမ္မတလုပ်ရန် တိုက်တွန်းကြပါသည်။ သို့သော် ရိုးရိုးအေးအေးသာ နေတတ်သော အိုင်စတိုင်းသည် သမ္မတရာထူးကို ငြင်းပယ်ခဲ့ပါသည်။

 (အကျယ်တဝင့် လေ့လာလိုပါက ဆန်းလွင်ရေးသားသော အိုင်စတိုင်း အတ္ထုပ္ပတ္တိကို ရှာဖွေ ဖတ်ရှုစေလိုပါသည်။)[1] သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက် ၇၆-နှစ်အရွယ်တွင် သွေးကြောပေါက်ကွဲသော ရောဂါဖြင့် ပရင်စတန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပါသည်။ သူ့အလောင်းကို သင်္ဂြိုဟ်သောအခါ ဆေးပညာရှင်တို့က သူ့ဦးနှောက်အား အဘယ်အကြောင်းကြောင့် ဤမျှ ဉာဏ်ကောင်း ရသည်ကို သုတေသနပြုရန် အလှူခံထားခဲ့ကြပါသည်။ ကိုးကား သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်္ဘာလ)

No comments:

Post a Comment

မင်္ဂလာပါ..